ကလပ်လက်မဲ့ဖြစ်ရန် သတ္တပတ်အနည်းငယ်အလိုတွင် သုံးကြိမ်ဆက် ဥရောပဖလားဗိုလ်လုပွဲသို့ တက်ရောက်လာတဲ့ အမေ့ယူနိုက်တက်စတား
====================
အက်စတွန်ဗီလာဟာ အူနိုင်းအမ်မရီရဲ့ ဦးဆောင်မှုနှင့်အတူ ၄၄ နှစ်အတွင်း ပထမဆုံးဥရောပဖလားဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အူနိုင်းအမ်မရီဟာလည်း နည်းပြဘဝအတွင်း ၅ ကြိမ်မြောက် ယူရိုပါလိဂ်ဗိုလ်လုပွဲအား ကြီးကြပ်ခွင့် ရလာပြီ ဖြစ်ပါတယ်။
တဖက်တွင် ဂျာဒွန်ဆန်ချိုမှာလည်း သုံးရာသီဆက် ကွဲပြားတဲ့ ကလပ် ၃ ခုနှင့် ဥရောပဖလားဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ခဲ့ပါတယ်။
ဗီလာဟာ ကြာသပတေးနေ့ညတုန်းက ဗီလာပါ့ခ်တွင် နော်တင်ဟမ်ဖောရက်စ်ကို သမိုင်းဝင်အောင်ပွဲရယူနိုင်ခဲ့ပါတယ်။
ယူရိုပါလိဂ်စပါယ်ရှယ်လစ်အဖြစ် သတ်မှတ်ခံထားရတဲ့ အူနိုင်းအမ်မရီဟာ ဆီဗီလာကို ကိုင်တွယ်တုန်းက ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သုံးကြိမ်ဆက် ဆွတ်ခူးခဲ့ဖူးပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း အာဆင်နယ်ကို ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပါတယ်။
ဗီလာဟာ နောက်ဆုံးအကြိမ် ဥရောပဗိုလ်လုပွဲသို့ တက်ခဲ့တာ ၁၉၈၂ ခုနှစ်တုန်းက ဖြစ်ပြီး ဥရောပဖလားဆွတ်ခူးခဲ့ပါတယ်။
တဖက်တွင် ယူနိုက်တက်မှ အငှားဖြင့် လာကစားနေတဲ့ ဆန်ချိုဟာလည်း ကလပ်လက်မဲ့ ကစားသမားဖြစ်လာရန် ရက်သတ္တပတ်အနည်းငယ်သာလိုတော့တဲ့အချိန်တွင် ကြီးမားတဲ့ ဆုတံဆိပ်တစ်ခု ရယူနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့ နှစ်ရာသီခွဲဆက်တိုက် အခြားကလပ်များသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
ဇွန်လ ၃၀ ရက်နေ့တွင် ဗီလာနှင့် အငှားစာချုပ်သက်တမ်းကုန်ဆုံးမဲ့ ဆန်ချိုဟာ နွေရာသီမှာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ဗီလာနှင့်အတူ အစ္စတန်ဘူလ်မှာ ဖရိုင်းဘတ်နှင့် ကစားရမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားကာ ၂ ရာသီဆက် ဥရောပဖလားဆွတ်ခူးနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးသို့ အငှားဖြင့် သွားကစားစဉ်တုန်းက အန်ဇိုမာရက်စ်ကာ လက်အောက်တွင် ကွန်ဖရင့်လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယင်းမတိုင်မီ သူဟာ အသင်းဟောင်းဒေါ့မွန်သို့ အငှားဖြင့် ၅ လသွားကစားစဉ်တုန်းကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့ပါတယ်။
သူဟာ ဝင်ဘာလေကွင်းတွင် ရီးရဲလ်မက်ဒရစ်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ၈၇ မိနစ်မှာမှ လူစားဝင်ရောက် ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ဒေါ့မွန်နှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့မှုနှင့်အတူ ချဲလ်ဆီးသို့ အငှားဖြင့် ပြောင်းကစားနိုင်မဲ့ အခွင့်အရေးကြီး ပိုင်ဆိုင်ခဲ့ပါတယ်။
ယခုတစ်ကြိမ်မှာလည်း ဆန်ချိုဟာ ဗီလာနှင့်အတူ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ပါက သူ့ကို ခေါ်ယူလိုတဲ့ ကလပ်များကို ဆွဲဆောင်လာနိုင်ဖို့ ရှိနေပါတယ်။