ထရမ့်ကိုယ်တိုင်က ထိုင်ခုံတစ်ခုံအတွက် ဒေါ်လာ ၁၀၀၀ မပေးနိုင်လို့ ပြောဆိုလာပြီးနောက် ကမ္ဘာ့ဖလားလက်မှတ်ဈေးနှုန်းလျှော့ချရေး ဝါရှင်တန်မှ ဥပဒေပြုအမတ်များ ကြိုးပမ်းလာ
======================

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်က ကမ္ဘာ့ဖလားလက်မှတ်ဈေးနှုန်းမှာ အလွန်မြင့်မားနေတယ်လို့ ဝေဖန်တိုက်ခိုက်မှု ပြုလုပ်လာပြီးနောက် ဝါရှင်တန်မှ ဥပဒေပြုအမတ်များဟာ ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုအား လက်မှတ်ဈေးနှုန်းလျှော့ချရေး ဖိအားပေးလာသလို လက်မှတ်ဝယ်ယူရေးလုပ်ဆောင်ရာတွင်လည်း လွယ်ကူရှင်းလင်းအောင် လုပ်ဆောင်ရေး တွန်းအားပေးလာပါတယ်။
နယူးဂျာစီဒီမိုကရက်တစ်အမတ်များဖြစ်ကြတဲ့ နီလ်လီပူနှင့် ဖရန့်ပယ်လုန်းဂျူနီယာတို့ဟာ လက်မှတ်ဈေးနှုန်းအား လျှော့ချရေး ဖီဖာထံ အိတ်ဖွင့်ပေးစာ ပေးလာတာလည်း ဖြစ်ပါတယ်။
နယူးဂျာစီရှိ MetLife Stadium တွင် ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်လုပွဲအပြင် ကမ္ဘာဖလားပွဲ ၈ ပွဲလက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
အိမ်ရှင်အမေရိကန်က MetLife Stadium တွင် ကစားရမှာ မဟုတ်ပေမဲ့ ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်တို့မှာ ဇွန်လ ၁၃ ရက်နေ့မှ ၂၇ ရက်အတွင်းတွင် နယူးဂျာစီတွင် ပွဲကစားရပါမယ်။
ယင်းပွဲများအတွက် လက်မှတ်ဈေးနှုန်းမှာ ဒေါ်လာ ၂၀၀၀ အထိ မြင့်တက်နေပြီး ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်လုပွဲအတွက် VIP လက်မှတ်များကိုလည်း ဒေါ်လာ ၃၅၀၀၀ ဖြင့် ရောင်းချနေပါတယ်။
အမေရိကန်ရဲ့အဖွင့်ပွဲအတွက် လက်မှတ်ဈေးနှုန်းမှာ‌ ဒေါ်လာ ၁၀၀၀ အထိ မြင့်တက်နေကြောင်း သိရပြီးနောက် ဒေါ်နယ်ထရမ့်က "အရိုးသားဆုံး ပြောမယ်။ ကျုပ်ကတော့ ဒေါ်လာ ၁၀၀၀ ပေးပြီး ကြည့်မှာ မဟုတ်ပါဘူး"လို့ New York Post သို့ ပြောကြားထားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ဈေးနှုန်းမှာ ဒေါ်လာ ၁၀၀၀ သတ်မှတ်ထားခြင်း မရှိပေမဲ့လည်း ဈေးကွက်တောင်းဆိုမှု၊ တည်နေရာတို့အပေါ်တွင်မူတည်ကာ လက်မှတ်ပြန်ရောင်းချတြ့ဈေးကွက်တွင် မြင့်မားနေတာလည်း ဖြစ်ပါတယ်။

image