ချန်ပီယံရှစ်ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ မစ်ဒယ်ဘရော့ရဲ့လေကျင့်ခန်းအစီအစဉ်ကို ဆောက်သမ်တန်စပိုင်က ကင်းထောက်ဗီဒီယိုမှတ်တမ်းရိုက်ကူးမှု ဖြစ်ပွား
======================

ဆောက်သမ်တန်စပိုင်က ပြိုင်ဘက် မစ်ဒယ်ဘရော့အသင်းရဲ့ လေ့ကျင့်ခန်းဆင်းနေမှုများအား ချောင်းမြောင်းဗီဒီယိုခိုးရိုက်ကူးမှု ဖြစ်ပွားကာ ချန်ပီယံရှစ်ပလေးအော့ဖ်ပွဲတွင် SPYGATE 2.0 အဖြစ်အပျက် ဖြစ်လာပါတယ်။
ဆောက်သမ်တန်ဟာ စနေနေ့မှာ ချန်ပီယံရှစ်ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မစ်ဒယ်ဘရော့အား ရေးဗားဆိုက်သို့ သွားရောက် ရင်ဆိုင်ရပါမယ်။
၂၀၁၉ ခုနှစ်တုန်းက မာစယ်လိုဘီရဲလ်ဆာရဲ့ Spygate အဖြစ်အပျက် ဖြစ်ပျက်ပြီးနောက် ဆောက်သမ်တန်ဟာလည်း ကမ်ဟေးလ်ဘတ်ရဲ့ နည်းဗျူဟာများကို သိရှိနိုင်ရေး စပိုင်လုပ်ကင်းထောက်မှု ဖြစ်ပွားလာပါတယ်။
ဒါပေမဲ့ ယင်းအဖြစ်အပျက်ကြောင့် တွန်ဒါအက်ကတ်ရဲ့ဆောက်သမ်တန်ဟာ လိဂ်အကြီးအကဲများရဲ့ ဒေါသထွက်ခြင်းခံလာရဖို့ ရှိနေပါတယ်။
ဆောက်သမ်တန်ပထမအသင်းမှ ဆန်းစစ်လေ့လာသူလို့ ယုံကြည်ရသူတစ်ဦးကို ကြာသပတေးနေ့တုန်းက မစ်ဒယ်ဘရော့ရဲ့ Rockcliffe HQ လေ့ကျင့်ရေးစခန်းရှိ ခြုံပုတ်တွင် ပုန်းအောင်းဟာ ဗီဒီယိုခိုးရိုက်ကူးမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းကို ကလပ်တာဝန်ရှိသူများက သိရှိသွားပြီးနောက် ယင်းလူက မည်သူဖြစ်ကြောင်း အတည်ပြုရန် ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ယင်းလူ ရိုက်ကူးထားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုများကိုမူ ဖျက်ချနိုင်ခဲ့ပါတယ်။
ယင်းလူဟာ လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားပြီးနောက် အနီးရှိ မစ်ဒယ်ဘရော့ဥက္ကဌစတိဗ်ဂစ်ဘ်ပိုင် Rockliffe Hall Hotel ရဲ့ အိမ်သာခန်းသို့ ဝင်သွားပြီး အဝတ်အစားလဲလှယ်ကာ ယင်းနေရာမှ ထွက်ခွာသွားခဲ့ပါတယ်။
ယင်းလူရဲ့ အချက်အလက်များကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာတွင် ဆောက်သမ်တန်အသင်းရဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလိပ်ဘောလုံးလိဂ်စည်းမျဉ်းအရ ပြိုင်ဘက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်အား ပွဲမတိုင်မီ ၇၂ နာရီအတွင်း ကင်းထောက်စပိုင်လုပ်မှုက စည်းမျဉ်းချိုးဖောက်ရာ ရောက်နေပါတယ်။
လက်ရှိအချိန်တွင် အင်္ဂလိပ်ဘောလုံးလိဂ်ဟာ စနေနေ့ ပလေးအော့ဖ်ဆီမီးဖိုင်နယ်မတိုင်မီ ပြိုင်ဘက်အသင်းကို လျို့ဝှက်ထောက်လှမ်းမှု ပြုလုပ်ခဲ့မှုအတွက် ဆောက်သမ်တန်အား ရှင်းလင်းချက်တောင်းဆိုထားပါတယ်။
ယခင် ၂၀၁၉ ခုနှစ်တုန်းက လိဒ်နည်းပြမာစယ်လိုဘီရဲလ်ဆာဟာ လိဒ်မှ ဝန်ထမ်းတစ်ဦးအား ဒါဘီကောင်တီရဲ့ လေ့ကျင့်ရေးကွင်းသို့ လျို့ဝှက်စေလွှတ်ကာ စပိုင်ပြုလုပ်ခိုင်းခဲ့ဖူးပါတယ်။
ယင်းအဖြစ်အပျက်ကို အာဂျင်တီးနားဝါရင့်နည်းပြကလည်း ဝန်ခံခဲ့ပြီး ကလပ်မှာ ပေါင် ၂၀၀၀၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
ယခု ဆောက်သမ်တန်ဟာလည်း လိဒ်ကဲ့သို့ပင် ဒဏ်ရိုက်ခြင်းခံလာရဖို့ ရှိနေပါတယ်။

image