ချန်ပီယံလိဂ်မှ အက်သလက်တီကိုထွက်ရပြီးနောက် ယူအီးအက်ဖ်အေအား ဘက်လိုက်ဆုံးဖြတ်တယ်လို့ မက်ဒရစ်မြို့တော်ဝန် စွပ်စွဲလာ
=====================

အာဆင်နယ်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အာဆင်နယ်ရဲ့ အက်သလက်တီကိုနိုင်ပွဲက မက်ဒရစ်မှာ မပြီးနိုင် မစီးနိုင် ဖြစ်နေတုန်း ဖြစ်ပါတယ်။
မက်ဒရစ်မြို့တော်ဝန်ဟိုဆေးလူးဝစ်မာတီနက်ဇ်အယ်မိုင်ဒါက အာဆင်နယ်အား ဗိုလ်လုပွဲသို့ တက်ရောက်စေရန် ယူအီးအက်ဖ်အေက ဇာတ်ညွှန်းရေးသား စီစဉ်ထားပြီး ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ အင်္ဂါနေ့တုန်းက အက်သလက်တီကိုအား ဘူကာယိုဆာကာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်သွားခဲ့ပါတယ်။
အာဆင်နယ်ဟာ မေလ ၃၀ ရက်နေ့ ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရပါမယ်။
ဒါပေမဲ့ မက်ဒရစ်မြို့တော်ဝန်က "ဟုတ်ပြီ၊ ကြည့်လိုက်။ ကျွန်တော်က အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်ပဲ ထင်ခဲ့တာ။ မဟုတ်ပါဘူး။ ကျုပ်တို့ ယူအီးအက်ဖ်အေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ယူအီးအက်ဖ်အေက အက်သလက်တီကိုမက်ဒရစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ မတက်ရောက်စေချင်ပါဘူး။ စပိန်နဲ့ ဂျာမနီက ချန်ပီယံလိဂ်ဝင်ခွင့် ပဥ္စမနေရာအတွက် တိုက်ပွဲဝင်နေချိန်မှာ ဂျာမန်ဒိုင်ကို ခန့်လိုက်တယ်ဆိုကတည်းက နားမလည်နိုင်အောင် ဖြစ်ရတယ်"လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး မက်ဒရစ်မြို့တော်ဝန်က "ဒီလို ခန့်တာ ယူအီးအက်ဖ်အေအပြင် ဘယ်သူများ သိမှာလဲ။ ဘယ်သူများ အဓိကဒိုင်လူကြီးနေရာနဲ့ VAR ဒိင်နေရာတို့မှာ ဂျာမန်ကို ခန့်အပ်ဖို့ စဉ်းစားမှာလဲ။ မနေ့က ကစားတဲ့ပွဲက ဒိုင်လူကြီးရဲ့ ဆိုးရွားမှုကြောင့် မဟုတ်ပါဘူး။ ကျုပ်အမြင်ပြောရရင် အက်သလက်တီကိုမက်ဒရစ်ကို ထိခိုက်အောင် လုပ်ဖို့ ကြိုတင်ကြံစည်ဆုံးဖြတ်မှုကြောင့်ပါ"လို့ ပြောကြားသွားပါတယ်။
အင်္ဂါနေ့ညတုန်းက အမ်းမရိတ်ကွင်းတွင် ကစားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ရီကာဒိုကာလာဖီအိုရီက ပင်နယ်တီ ဧရိယာအတွင်းတွင် ဂူလီယာနိုဆီမြွန်နီအား ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမဲ့လည်း ဒိင်လူကြီးက ဆီမြွန်နီမှာ လူကျွံနေတယ်ဆိုပြီး ပင်နယ်တီ မပေးခဲ့ပါဘူး။
ဒါ့အပြင် မက်ဒရစ်မြို့တော်ဝန်က "ပင်နယ်တီ ရှင်းရှင်းလင်းလင်း ဖြစ်နေချိန်မှာ ဂူလီယာနို လူကျွံတယ်ဆိုတာ ဘာလို့ ရုပ်သံက ပြန်မပြခဲ့တာလဲ။ နောက်ပိုင်း ဆိုရှယ်မီဒီယာမှာ တွေ့တော့မှ လူကျွံဘော ဖြစ်မနေဘူး။ သူက ကိုယ့်ကွင်းဘက်ခြမ်းကနေ ထွက်လာတာ။ ဒီပွဲက ရုပ်သံကင်မရာတွေ အများကြီးရှိနေတဲ့ ပွဲပါ။ ဘာလို့ လူကျွံဘော ဖြစ်မဖြစ်ကို မပြနိုင်ရတာလဲ။ ဘာကြောင့်လဲဆိုတော့ လူကျွံ ဖြစ်မနေလို့ပါ။ ဒါကို သူတို့က မဝန်ခံဘူး"လို့ ဆိုသွားကာ ယူအီးအက်ဖ်အေက အက်သလက်တီကိုအား ချန်ပီယံလိဂ်မှ ထွက်ရအောင် ကြိုတင်ကြံစည် လုပ်ဆောင်ထားတယ်လို့ စွပ်စွဲသွားပါတယ်။
အဆိုပါပွဲစဉ်တွင် ကာလာဖီအိုရီက အန်တိုနီဂရက်ဇ်မန်းအား တက်နင်းတဲ့ ဖြစ်စဉ်တွင်လည်း ဒိုင်လူကြီးက ပင်နယ်တီ မပေးဘဲ ယင်းဖြစ်စဉ်မတိုင်မီ အဖြစ်အပျက်အတွက် ပြစ်ဒဏ်ဘောသာ ပေးခဲ့ပါတယ်။

image