မြင်းခြံမြို့နယ်က စစ်ရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အစိုးရ ပူးပေါင်းတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီ များစွာ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကစပြီး မြင်းခြံမြို့ (အနောက်ခြမ်း) ရှိ ကျေးရွာတွေကနေ စတင်ကာ ဧရာဝတီမြစ်ရိုးတလျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာဖြစ်ပြီး အိမ်ခြေ ထောင်နဲ့ချီ မီးလောင် ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“မြင်းခြံနယ်မှာ အစိုးရတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းထားတဲ့တပ်တွေ နယ်မြေရှင်းလင်းရေး လုပ်နေကြတာ။ မြို့နယ် အရှေ့ခြမ်းကနေ အနောက်ခြမ်းအထိပဲ။ လက်ရှိ မြင်းခြံနဲ့ နွားထိုးကြီးနယ်ကြားမှာ နယ်မြေရှင်းနေကြတာ ရှိတယ်။ အိမ်ခြေ တော်တော်များများလည်း မီးလောင်ကုန်ပြီ။ ဆိုတော့ စစ်ရှောင်တွေအနေနဲ့ ကိုယ့်နေရပ်ကိုယ် ပြန်လို့ရပြီဆိုရင်တောင် နေစရာအိမ် မရှိတော့တဲ့ အခြေအနေပါ” လို့ ကူညီပေးနေသူက ပြောပါတယ်။
ဒါကြောင့် လက်ရှိမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့ သောက်သုံးရေအပြင် ယာယီတဲတွေ ဆောက်လုပ်နိုင်ဖို့အတွက် အမိုးအကာတွေလည်း လိုအပ်နေသလို အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်နေကြတဲ့ ကျေးရွာပေါင်း ၁၆ ရွာကနေ ၂၀ ကျော်အထိ ရှိနေပြီး မြင်းခြံနယ်ထဲက စစ်ကြောင်းမရောက်သေးတဲ့ အနီးအနား ကျေးရွာတွေကို တိမ်းရှောင်နေကြသူတွေ ရှိသလို တချို့ကတော့ ဧရာဝတီမြစ်ကိုဖြတ်ကူးကာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဘက်ကို တိမ်းရှောင်သွားကြတဲ့ သူတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။
မြင်းခြံမြို့နယ် (အရှေ့ပိုင်း) က မြို့ကြီးကုန်း၊ ရဲတိုင်၊ ယုန်တိုးစွယ်၊ ယုန်တိုး၊ ဆင်ချောင်း စတဲ့ ကျေးရွာတွေအနီးက ဒေသခံတွေကတော့ ရွာအနီးအနားရှိ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ ပုန်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။
“အခုဆို စစ်ကြောင်းက ရွာစဉ်ပတ်နေတော့ ဒေသခံတွေက ရွာတရွာပြီးတရွာ လှည့်ပတ်ပြီး စစ်ရှောင်ကြဖို့က တဖြည်းဖြည်း နယ်ကျဉ်းလာပြီ။ တောတောင်တွေထဲကိုပဲ အများဆုံး သွားနေကြရတာ။ ဒါကြောင့် စစ်ရှောင်တဲတွေဆောက်ဖို့ အကူအညီတွေ လိုအပ်နေတာပါ။ စစ်ရှောင်တွေထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ပြီးတော့ ကျန်းမာရေး မကောင်းတဲ့သူတွေလည်း ပါနေတော့ ဆေးဝါး အကူအညီတွေလည်း အရေးတကြီး လိုပါတယ်” လို့ သူက ပြောပါတယ်။
စစ်ကြောင်းတွေကြောင့် ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာ ၁၃ ရွာကျော်မှာ နေရပ်စွန့်ခွာရမှု ပိုမိုများပြားနေပြီး အကူအညီတွေ အချိန်မီမရပါက လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမို ဆိုးရွားလာနိုင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ မြင်းခြံ - ညောင်ဦးလမ်းနဲ့ မြင်းခြံ - တလုပ် လမ်းပိုင်းတွေမှာ စစ်အင်အား ရာနဲ့ချီ ဖြန့်ကျက်ထားတာကြောင့် စစ်ရှောင်တွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။