ကွန်ပနီနှင့် ဘိုင်ယန်မြူးနစ်ကြောင့် နောက်ဆုံးမိနစ်တွင် ဟိုတယ်သစ် ရှာဖွေခဲ့ရကာ ပြင်ဆင်မှု ကသောင်းကနင်းဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီ
====================
ပီအက်စ်ဂျီဟာ ဗင်းဆင့်ကွန်ပနီနှင့် ဘိုင်ယန်မြူးနစ်တို့က ၎င်းတို့ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဟိုတယ်တွင် တည်းခိုခွင့်မပေးလာမှုနှင့်အတူ ဟိုတယ်အပြောင်းအလဲ ပြုလုပ်ခဲ့ရကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ပြင်ဆင်မှု ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ပြိုင်ဘက်အသင်းအား ၎င်းတို့ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဟိုတယ်အား အသုံးပြုခွင့်မပေးလာမှုနှင့်အတူ ကွင်းပြင်ပတွင် ပြဿနာတက်လာခဲ့ပါတယ်။
ပြင်သစ်သတင်းစာ Football365 ရဲ့ဖော်ပြလာမှုအရ လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီဟာ Allianz Arena နှင့် ၁၅ မိနစ် ခရီးအကွာအဝေးတွင်သာ ရှိတဲ့ အွန်တာရှလိုက်ရှိုင်းရှိ ကြယ်လေးပွင့်အဆင့်ရှိ Infinity Hotel တွင် တည်းခိုရန် စီစဉ်ထားခဲ့ပါတယ်။
ဒါပေမဲ့ ဘိုင်ယန်မြူးနစ်က ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဟိုတယ်အား အထူးအနေဖြင့် ငှားရမ်းထားမှုနှင့်အတူ ပီအက်စ်ဂျီတို့ ဟိုတယ်ပြောင်းလဲလာရပါတယ်။
ယင်းဆုံးဖြတ်ချက်ကြောင့် ပီအက်စ်ဂျီဟာ ချက်ချင်းဆိုသလို ဟိုတယ်နှင့် ခရီးသွားလာရေးတို့အတွက် အပြောင်းအလဲများ အလျှင်စလို ပြုလုပ်ခဲ့ရပါတယ်။
ပီအက်စ်ဂျီဟာ ၂၀၂၅ ခုနှစ် မြူးနစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီတုန်းကလည်း Infinity Hotel တွင်ပင် တည်းခိုခဲ့ကာ အင်တာမီလန်အား ၅-၀ ဖြင့် အနိုင်ယူကာ ကလပ်သမိုင်းတွင် ပထမဆုံးချန်ပီယံလိဂ်ဖလားအား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ ပီအက်စ်ဂျီဟာ ဘိုင်ယန်မြူးနစ်ရဲ့ 'ငါ့မြို့ ငါ့ဆုံးဖြတ်ချက်'ဆိုတဲ့ ပုံစံမျိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျမှုနှင့်အတူ ဟိုတယ်အပြောင်းအလဲ ပြုလုပ်ခဲ့ရကာ ပွဲမတိုင်မီ ပြင်ဆင်မှု အနှောင့်အယှက် ဖြစ်လာရပါတယ်။
ပီအက်စ်ဂျီဟာ Infinity Hotel မရရှိပြီးနောက် အနီးရှိ ဟီလ်တန်ဟိုတယ်တွင် တည်းခိုရန် စီစဉ်ခဲ့ရာမှာလည်း ဟိုတယ်မှာ ပြန်လည်ပြင်ဆင်နေမှုနှင့်အတူ မရရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ပီအက်စ်ဂျီဟာ ရှဝင်ဘင်ဂါတော်ရှိ Andaz Hotel ကို ရွေးချယ်လာရပါတယ်။