အာဆင်နယ်နှင့်ပွဲတွင် အက်သလက်တီကိုဘက်သို့ ပင်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးအား ဆာဒေးဗစ်ဘက်ဟမ်း ဝေဖန်
=====================
ဒေးဗစ်ဘက်ဟမ်းဟာ အာဆင်နယ်နှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် အက်သလက်တီကိုဘက်သို့ ပင်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးဒါနီရယ်ဆီဘတ်ရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အား အပြင်းအထန် ဝေဖန်ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ အင်္ဂါနေ့ညတုန်းက လာလီဂါထိပ်သီးအား ၁-၀ ဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့် အနိုင်ရရှိပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင် အာဆင်နယ်အတွက် ဗိုလ်လုပွဲသို့ တက်ရောက်စေမဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဘူကာယိုဆာကာက သွင်းယူခဲ့တာပါ။
အက်သလက်တီကိုဟာ လန်ဒန်ပွဲစဉ်တွင် အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ပေမဲ့လည်း ပင်နယ်တီဧရိယာအတွင်းတွင် အန်တိုနီဂရက်ဇ်မန်းကို ရီကာဒိုကာလာဖီအိုရီက တက်နင်းခဲ့မှုအတွက် ပင်နယ်တီမပေးခဲ့မှုကြောင့် နစ်နာခဲ့ရပါတယ်။
ဒိုင်လူကြီးဆီဘတ်ဟာ ယင်းမတိုင်မီ အစောပိုင်းတုန်းက မာ့ခ်ပူဘေးလ်က ဂါဘရီရယ်ကို ပြစ်ဒဏ်ကျူးလွန်မှုအတွက်ကိုသာ ပြစ်ဒဏ်ဘောပေးခဲ့ပါတယ်။
ဒါပေမဲ့ ဆာဒေးဗစ်ဘက်ဟမ်းက ဂါဘရီရယ်မှာ ပြစ်ဒဏ်ကျူးလွန်ခံရခြင်း မရှိကြောင်း၊ အက်သလက်တီကိုမှာ ပင်နယ်တီရသင့်ကြောင်း ဆိုသွားပါတယ်။
Beckham & Friends အစီအစဉ်တွင် ဒေးဗစ်ဘက်ဟမ်းက "အိုး ဘုရားသခင်၊ ဒါက ပြစ်ဒဏ်ဘော မဟုတ်ဘူး။ ပြစ်ဒဏ်ဘောမဟုတ်ဘူး။ ဒါကမှ (ကာလာဖီအိုရီ) ပြစ်ဒဏ်ဘော။ ဟုတ်တယ်။ ဂါဘရီရယ်အပေါ် ပြစ်ဒဏ်မကျူးလွန်ဘူး"လို့ ပြောကြားသွားပါတယ်။
အက်သလက်တီကိုဟာ လန်ဒန်တွင် ကစားတဲ့ ဒုတိယအကျော့ပွဲစဉ်တွင် ဂိုးပေါက်တည့်ကန်ချက် ၂ ကြိမ်တည်းသာ ပြုနိုင်ခဲ့ပြီး အာဆင်နယ်က ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဗစ်တာဂျိုကီရက်စ်ရဲ့ အနီးကပ်အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့မှုကြောင့် နှစ်ဂိုးပြတ် အနိုင်မရခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မေလ ၃၀ ရက်နေ့ ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်(သို့မဟုတ်) ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရပါမယ်။