ချစ်သူနှင့် အပန်းဖြေခရီးထွက်ခဲ့တဲ့ ဘက်ပေးကို ရောင်းချရေး ရီးရဲလ်မက်ဒရစ်ပရိသတ် ၄ သန်းကျော် လက်မှတ်ရေးထိုးတောင်းဆိုလာ
===================
ကိုင်လီယန်ဘက်ပေးဟာ ရီးရဲလ်မက်ဒရစ်ပရိသတ်သန်းပေါင်းများစွာတို့ရဲ့ ရောင်းချရန် တောင်းဆိုမှု ခံလာရမှုနှင့်အတူ ကြီးမားတဲ့ ဖိအားအောက်သို့ ရောက်ရှိလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အသင်းကို လအတန်ကြာသာ ကိုင်တွယ်ရသေးတဲ့ အလွန်ဆိုကို ဇန်နဝါရီလက ထုတ်ပယ်ခဲ့ပြီး ခက်ခဲတဲ့ ရာသီတစ်ခု ကြုံနေရပါတယ်။
၎င်းတို့ဟာ လာလီဂါအမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၁၁ မှတ်အထိ ကွာဟကာ ရပ်တည်နေပါတယ်။ ဘာစီလိုနာဟာ လာမယ့် တနင်္ဂနွေနေ့ နူးကမ့်တွင် ကစားမယ့် El Clasico ပွဲတွင် အနိုင်ရရှိလာပါက ချန်ပီယံဖြစ်လာပါမယ်။
တဖက်တွင် အသက် ၂၇ နှစ်ရှိ ဘက်ပေးဟာ ချစ်သူသစ် အီစတာအိတ်စ်ပိုဆီတိုနှင့် ဆာဒီနီးယားသို့ သွားရောက် အပန်းဖြေခရီးထွက်မှုနှင့်အတူ ဖိအားပေးခြင်းခံလာရပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ပြီးခဲ့တဲ့အပတ်တုန်းက အပန်းဖြေခရီးထွက်ခဲ့တာပါ။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ပရိသတ်များဟာ ချန်ပီယံလိဂ်မှ ထွက်ခွာရပြီး ရက်သတ္တပတ်အတန်ကြာတွင် သက်တောင့်သက်သာဖြင့် အပန်းဖြေခရီးထွက်ခွာနိုင်တဲ့ ဘက်ပေးအား ပစ်မှတ်ထား ဝေဖန်လာကြပါတယ်။
ဘက်ပေးရဲ့ ကိုယ်ရေးကိုယ်တာအဖွဲ့ကလည်း ဘက်ပေးမှာ အသင်းအတွက် နေ့စဉ် အကောင်းဆုံးလုပ်ဆောင်ပေးနေသူဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
တဖက်တွင် ဘက်ပေးဟာ ရီးရဲလ်မက်ဒရစ်နည်းပြအဖွဲ့ဝင်တစ်ဦးနှင့် အချင်းများခြင်း၊ အသင်းရဲ့နေ့လည်စာစားသောက်မှုသို့ မိနစ် ၄၀ ကျော် နောက်ကျပြီးမှ ရောက်လာခြင်းစတဲ့ အဖြစ်အပျက်များလည်း ကျူးလွန်ထားကြောင်း သတင်းထွက်နေပါတယ်။
ယင်းအဖြစ်အပျက်ကြောင့် ဘက်ပေးဟာ အရေးယူခြင်း တစုံတရာ ခံရခြင်း မရှိရာ အသင်းအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်နေကြောင်း သတင်းထွက်လာပါတယ်။
ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်ပရိသတ် ၄ သန်းကျော်တို့ဟာ ကိုင်လီယန်ဘက်ပေးအား ရောင်းချရေး ထောက်ခံလက်မှတ်ထိုးမှု ပြုလုပ်လာကြပြီ ဖြစ်ပါတယ်။
ဘက်ပေးဟာ လာမယ့် တနင်္ဂနွေနေ့ El Clasico ပွဲစဉ်တွင် အနိုင်မရရှိလာပါက ပိုကြီးတဲ့ ပြဿနာ ရင်ဆိုင်လာရနိုင်ပါသေးတယ်။