လာလီဂါချန်ပီယံဆုအတွက် အဖြေထွက်တဲ့ ပထမဆုံး El Clasico ပွဲ ဖြစ်လာဖွယ်ရှိနေ

လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် El Clasico ပွဲက လာလီဂါချန်ပီယံဆုအတွက် အဖြေထွက်တဲ့ ပထမဆုံး El Clasico ပွဲ ဖြစ်လာဖွယ်ရှိကြောင်း သိရပါတယ်။
လာလီဂါပြိုင်ပွဲကို ၁၉၂၉ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး (၉၇)နှစ်တာကာလအတွင်း ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့တဲ့ El Clasico ပွဲမှာ လာလီဂါချန်ပီယံဆုအတွက် အဖြေထွက်တာမျိုး မရှိခဲ့ဖူးကြောင်း သိရပါတယ်။
ဒီရာသီမှာတော့ ပြိုင်ပွဲပြီးဆုံးဖို့ (၄)ပွဲအလိုမှာ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်ကို (၁၁)မှတ်ဖြတ်ထားတာကြောင့် လာမယ့် El Clasico ပွဲမှာ မရှုံးနိမ့်ခဲ့ရင်ပဲ ဘာစီလိုနာအသင်းက လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရရှိမှာပါ။
ယှဉ်ပြိုင်ကစားရမှာကလည်း ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းမှာ ဖြစ်တာကြောင့် လာလီဂါချန်ပီယံဆုအတွက် အဖြေထွက်မယ့် ပထမဆုံး El Clasico ပွဲအဖြစ် မှတ်တမ်းဝင်ဖွယ်ရှိနေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက မဟာပြိုင်ဘက်အသင်းရဲ့ ပရိသတ်တွေရှေ့မှာ အောင်ပွဲခံနိုင်ဖို့ စိတ်အားထက်သန်နေသလို၊ လက်ကျန်(၄)ပွဲစလုံး အနိုင်ရရင် အမှတ်(၁၀၀)ရရှိမယ့် စံချိန်မှတ်တမ်းကိုလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၁၂-၁၃ ရာသီတုန်းက အမှတ်(၁၀၀)ရရှိခဲ့ရုံသာမက ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်ကို (၁၅)မှတ်အထိဖြတ်ကာ ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ဒီရာသီမှာ အဲဒီစံချိန်ကို ချိုးဖျက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

image