ယူနိုက်တက်နှင့်လီဗာပူးပွဲမတိုင်မီ အိုးထရက်ဖို့ဒ်ကွင်းတွင် ဆာအဲလက်စ်ဖာဂူဆန် မကျန်းမမာဖြစ်ပြီးနောက် ဆေးရုံတက်ခဲ့ရ
===================

ဆာအဲလက်စ်ဖာဂူဆန်ဟာ တနင်္ဂနွေနေ့ညတုန်းက ယူနိုက်တက်ရဲ့ လီဗာပူးနှင့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ မကျန်းမမာဖြစ်ပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ်။
အသက် ၈၄ နှစ်ရှိ ဆာအဲလက်စ်ဖာဂူဆန်ဟာ အရေးပေါ် စိုးရိမ်ရတဲ့ အခြေအနေမျိုးတွင် မရှိဘဲ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ဆေးရုံတက်ခဲ့ရတာပါ။
ယူနိုက်တက်ကို ၂၇ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ဟာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ပွဲစဉ်များကို ဒါရိုက်တာဘောက်စ်တွင် အမြဲလိုလို လာရောက်ကြည့်လေ့ရှိသူ ဖြစ်ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာ ဆေးရုံတွင် ခေတ္တသာ ရှိနေပြီးနောက် နေအိမ်သို့ ပြန်သွားခဲ့ပါတယ်။
ဖာဂူဆန်ဟာ ၂၀၁၈ ခုနှစ်တုန်းက ဦးနှောက်သွေးယိုမှုကြောင့် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။
သူဟာ တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်ပွဲစဉ်မတိုင်မီ နာရီအနည်းငယ်အလိုတွင် အခြားဧည့်သည်များနှင့်အတူ ကျန်းမာစွာ ရှိနေခဲ့တာပါ။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညတုန်းက အိုးထရက်ဖိုဒ်ပွဲစဉ်တွင် လီဗာပူးအား ၃-၂ ဖြင့် အနိုင်ရရှိကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ပွဲအပြီးတွင် မိုက်ကယ်ကာရစ်က ဆရာဟောင်းဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ကျန်းမာရေးအခြေအနေကြောင် စိုးရိမ်ခဲ့ရကြောင်း၊ အကောင်းဆုံးဖြစ်ပါစေကြောင်း ဆိုသွားပါတယ်။
ဒါ့အပြင် မိုက်ကယ်ကာရစ်က "ဒီရလဒ်ကို ကြားပြီး သူ ကျန်းမာရေး ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်"လို့လည်း ပြောကြားသွားပါတယ်။

image