မန်စီးတီးကို ရမှတ် ၆ မှတ်ဖြတ်ထားလာနိုင်ပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံအိပ်မက် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ကြောင်း အာတီတာ ပြောကြားလာ
====================
အာဆင်နယ်ဟာ လန်ဒန်မြို့ခံပြိုင်ဘက်ဖူလ်ဟမ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၆ မှတ်ဖြတ်ပြီး ဦးဆောင်လာမှုနှင့်အတူ ချန်ပီယံအိပ်မက်ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဗစ်တာဂျိုကီရက်စ်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဘူကာယိုဆာကာရဲ့ သွင်းဂိုးနဲ့အတူ ဖူလ်ဟမ်ကို အနိုင်ရလာတာ ဖြစ်ပြီး ၃ ဂိုးပြတ် အနိုင်ရလာမှုနှင့်အတူ ဂိုးကွာခြားချက်လည်း ကောင်းမွန်လာပါတယ်။
အာဆင်နယ်တို့ အနိုင်ရရှိလာမှုနှင့်အတူ တနင်္လာနေ့တွင်မှ အဲဗာတန်နှင့် ရင်ဆိုင်ကစားရမယ့် ဒုတိယနေရာမှ မန်စီးတီးအတွက် ဖိအားများ ကျရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
အာတီတာက "ဒီရလဒ်က ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့အဝတ်အစားလဲခန်းထဲမှာ အိပ်မက်ရှင်သန်နေတုန်းပဲ ဆိုတာ ပြောပြနေပါတယ်။ ကျွန်တော့်ကစားသမားတွေဟာ တစ်ရာသီလုံး အရေးပါတဲ့ ကစားသမားတွေ မပါဝင်ဘဲ ပွဲတွေအများကြီး အနိုင်ရအောင် ကစားနိုင်ခဲ့တာကတော့ တကယ့်ကို အထင်ကြီးစရာဆိုတာ ပြောပြနေပါတယ်"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားအပြင် ချန်ပီယံလိဂ်ဖလားအတွက်လည်း တိုက်ပွဲဝင်နေတုန်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အင်္ဂါနေ့ညတုန်းက အက်သလက်တီကိုအား ချန်ပီယံလိဂ်ဆီမီးဖိင်နယ်ဒုတိယအကျော့ပွဲစဉ် ဧည့်ခံကစားရပါမယ်။
ဒါ့အပြင် ယခုရာသီ ၂၁ ဂိုးသွင်းထားနိုင်တဲ့ ဂျိုကီရက်စ်ကလည်း ၎င်းနှင့် ကစားဖော်များမှာ ယခုရာသီတွင် ဆုဖလားအချို့ ကိုင်မြှောက်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားလာပါတယ်၊
ဆွီဒင်တိုက်စစ်မှူးက "အခုလိုအဆင့်မျိုးမှာ ကျွန်တော်တို့အနေနဲ့ လက်ကျန်ပွဲတွေကို အနိုင်ယူရပါမယ်။ ကျွန်တော်တို့ ခြေစွမ်းကောင်းပြသပြီး သုံးမှတ် ပျော်ပျော်ကြီး ရယူနိုင်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ပွဲတွေကို ကောင်းကောင်းကစားပြီး အခွင့်အရေးတွေ ဖန်တီးနိုင်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကစားရပါမယ်။ ဒီကနေ့ ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ဒီအတွက် ပျော်တယ်။ ယုံကြည်မှု ဘယ်တော့မှ မရပ်ပါဘူး။ ရပ်မှာ မဟုတ်ပါဘူး။ ဆက်ပြီး လုပ်သွားမယ်။ လာမယ့်ပွဲကို အာရုံစိုက်ရုံပါပဲ"လို့ ပြောကြားသွားပါတယ်။