5 ပတ် - ဘာသာပြန်ပါ။

Instagram ပို့စ်တစ်ခုတွင် ထရမ့်၏အသက်ကို ခြိမ်းခြောက်မှုဖြင့် FBI ညွှန်ကြားရေးမှူးဟောင်း တရားစွဲဆိုခံရ

အမေရိကန်သမ္မတကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေး (James Comey) သည် ဒေါ်နယ်ထရမ့်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့မှုဖြင့် စွဲချက်တင်ခံရကြောင်း၊ ယခင်က သူ့အပေါ် စွဲဆိုထားသည့် အမှုတစ်ခု ပယ်ချခံရပြီး ၅ လအကြာ အင်္ဂါနေ့တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိမ်ဖြူတော် သတင်းထောက်များအသင်းက ကြီးမှူးကျင်းပသည့် ဝါရှင်တန်ညစာစားပွဲတစ်ခုတွင် ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းသည်ဟု စွပ်စွဲခံရသူ သေနတ်သမားတစ်ဦး အဖမ်းခံရပြီး ၃ ရက်အကြာတွင် ကိုမေးအပေါ် ယခုကဲ့သို့ စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။
အသက် ၆၅ နှစ်အရွယ်ရှိ ကိုမေးသည် ပြီးခဲ့သည့်နှစ် မေလအတွင်းက Instagram တွင် ခရုခွံလေးများဖြင့် “86 47”ဟု ပုံဖော်ထားသည့် ဓာတ်ပုံတစ်ပုံကို တင်ခဲ့ရာမှ မြောက်ကာရိုလိုင်းနားပြည်နယ်တရားရုံစ ၏ စွဲချက်တင်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုစဉ်က Fox News နှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်က “86” ဆိုသည်မှာ သတ်ဖြတ်ခြင်း (kill) ဟု အဓိပ္ပာယ်ရသည့် အသုံးအနှုန်းဖြစ်ပြီး “47” မှာ သူသည် အမေရိကန်၏ ၄၇ ဦးမြောက် သမ္မတဖြစ်လာမည့်အပေါ် ရည်ညွှန်းခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
“အဲဒါ ဘာကိုဆိုလိုတယ်ဆိုတာ သူ အတိအကျသိတယ်၊ အဲဒါက လုပ်ကြံသတ်ဖြတ်ဖို့ကို ဆိုလိုတာပဲ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ကိုမေးကမူ အဆိုပါစွဲချက်များကို ဂရုမစိုက်ဘဲ ပယ်ချခဲ့ပြီး တရားရင်ဆိုင်သွားမည်ဟု ကတိပြုခဲ့သည်။
“ကဲ... အခုတော့ လွန်ခဲ့တဲ့ တစ်နှစ်က မြောက်ကာရိုလိုင်းနား ကမ်းခြေမှာ ရိုက်ထားတဲ့ ခရုခွံပုံလေးနဲ့ ပတ်သက်ပြီး သူတို့ တစ်ခါ ပြန်လာကြပြန်ပြီပေါ့၊ ဒါက ဒီမှာတင် ရပ်သွားမှာ မဟုတ်ပါဘူး” ဟု ကိုမေးက လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
“ကျွန်တော် အပြစ်မရှိသေးဘူး၊ ကျွန်တော် မကြောက်သေးဘူး၊ လွတ်လပ်တဲ့ ဖက်ဒရယ်တရားစီရင်ရေးစနစ်ကိုလည်း ကျွန်တော် ယုံကြည်နေဆဲပဲ၊ ဒါကြောင့် ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့”
ခရုခွံပုံစံဖြင့် ဖော်ပြထားသော “86 47” ရည်ညွှန်းချက်သည် “အမေရိကန်ပြည်ထောင်စု သမ္မတကို ထိခိုက်နာကျင်စေရန် ရည်ရွယ်သည့် ပြင်းထန်သော ဖော်ပြချက်” ဖြစ်သည်ဟု အဆိုပါစွဲချက်တွင် ဆိုထားသည်။
ရှေ့နေချုပ်ဖြစ်သူ တော့ဒ် ဘလန့်ချ်ကလည်း ကိုမေးသည် “အမေရိကန်သမ္မတ၏ အသက်ကို နုတ်ယူရန်နှင့် ကိုယ်ခန္ဓာ ထိခိုက်နာကျင်စေရန် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်မှု” တစ်ခုအပါအဝင် ပြည်နယ်အချင်းချင်း ခြိမ်းခြောက်မှုပြုလုပ်ခြင်းဖြင့် စွဲချက်တင်ခံထားရကြောင်း ပြောကြားခဲ့သည်။
စွဲချက်တစ်ခုစီအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည်။
“ဘယ်သူ့အသက်ကိုပဲဖြစ်ဖြစ် ခြိမ်းခြောက်တာဟာ အန္တရာယ်ရှိသလို ရာဇဝတ်မှုလည်း မြောက်နိုင်တယ်လို့ ပြောရင် တရားမျှတမယ် ထင်ပါတယ်၊ အမေရိကန်သမ္မတရဲ့ အသက်ကို ခြိမ်းခြောက်တာကိုတော့ တရားရေးဌာနက ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး” ဟု ဘလန့်ချ်က ဆိုသည်။
ကိုမေးသည် ထိုစဉ်က Instagram ပို့စ်အတွက် တောင်းပန်ခဲ့ပြီး “ဒီဂဏန်းတွေကို အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး တချို့လူတွေက တွေးတောကြလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိပါဘူး” ဟု ပြောကြားခဲ့သည်။
“အဲဒါမျိုး ဘယ်တုန်းကမှ စိတ်ထဲမရှိခဲ့ပေမဲ့ ကျွန်တော်က ဘယ်လို အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်တဲ့သူဖြစ်လို့ အဲဒီပို့စ်ကို ဖြုတ်ချလိုက်ပါတယ်” ဟု ကိုမေးက ဆိုခဲ့သည်။
ကိုမေးသည် ပြီးခဲ့သည့် စက်တင်ဘာလကလည်း လွှတ်တော်တွင် မမှန်မကန် ထွက်ဆိုမှုနှင့် လွှတ်တော်လုပ်ငန်းစဉ်များကို နှောင့်ယှက်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရသေးရာ၊ ယင်းသည် ရီပတ်ဘလီကန်သမ္မတက ၎င်း၏ နိုင်ငံရေးအတိုက်အခံအပေါ် လက်စားချေမှုအဖြစ် လူအများက ရှုမြင်ခဲ့ကြသည်။
ထရမ့်ကို ဝေဖန်သူ နောက်တစ်ဦးဖြစ်သည့် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန် ဘော်လ်တန် (John Bolton) မှာလည်း လျှို့ဝှက်အချက်အလက်များကို ဖြန့်ဝေခြင်းနှင့် သိမ်းဆည်းထားခြင်းတို့ဖြင့် စွဲချက်တင်ခံထားရသည်။

image