ချဲလ်ဆီးနည်းပြရာထူးအတွက် ရေပန်းစားနေမှုအပေါ် ဖာဘဂရီက်စ် တုံ့ပြန်လာ
=====================

ကိုမိုအသင်းပိုင်ရှင်က ပရီးမီးယားလိဂ်ထိပ်သီးကလပ်ချဲလ်ဆီးအား ကိုင်တွယ်လိုပါက တားဆီးသွားမှာ မဟုတ်ကြောင်း ပြောကြားလာခဲ့ပေမယ့်လည်း ချဲလ်ဆီးစတားဟောင်းဆက်စ်ဖာဘရီဂက်စ်က ကိုမိုနည်းပြရာထူးအတွက်ပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေကြောင်း ပြောကြားလာပါတယ်။
ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့တုန်းက လီယမ်ရိုဆင်နီယာကို ထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ် စတင်ရှာဖွေနေပါတယ်။
ရိုဆင်နီယာဟာ ပရီးမီးယားလိဂ် ၅ ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ပြီးနောက် ၁၀၆ ရက်တည်းသာ ကိုင်တွယ်ရပြီးနောက် ချဲလ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ချဲလ်ဆီးဟာ ရာသီအကုန်အထိ ကိုင်တွယ်ရန် ယာယီနည်းပြအဖြစ် ကာလမ်မက်ဖာလိန်းအား ခန့်အပ်ထားပါတယ်။ မက်ဖာလိန်းဟာ တနင်္ဂနွေနေ့တွင် ဝင်ဘာလေကွင်းတွင် လိဒ်နှင့် ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အား စတင် ကိုင်တွယ်လာပါမယ်။
ဖာဘရီဂက်စ်ဟာ နည်းပြဘဝ ပထမဆုံးကိုင်တွယ်တဲ့ စီးရီးအေကလပ် ကိုမိုတွင် အထင်ကြီးစရာကောင်းအောင် လုပ်ပြထားပြီး အသင်းဟောင်းချဲလ်ဆီးနှင့် အာဆင်နယ်နည်းပြရာထူးအတွက် ရေပန်းစားနေပါတယ်။
အသက် ၃၈ နှစ်ရှိ ဖာဘရီဂက်စ်ဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ချဲလ်ဆီးတွင် ကစားစဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးထားနိုင်ပါတယ်။
ဒါပေမယ့် ဖာဘရီဂက်စ်ဟာ ကိုမိုရဲ့ လက်ကျန် စီးရီးအေ ၅ ပွဲအပေါ်တွင်သာ အာရုံစိုက်နေပါတယ်။ ကိုမိုဟာ ဥရောပဝင်ခွင့် တိုက်ပွဲဝင်နေပြီး တနင်္ဂနွေနေ့တွင် ဂျီနိုအာနှင့် ရင်ဆိုင်ကစားရပါမယ်။
ကိုမိုဥက္ကဌမာဝန်ဆူဝါဆိုက လွတ်လပ်စွာ ဆုံးဖြတ်နိုင်ကြောင်း ပြောဆိုခဲ့မှုအပေါ် ဖာဘရီဂက်စ်က "ဒါနဲ့ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး။ အခုအချိန်မှာ ဒါကို‌ တွေးနေရင် မိုက်မဲရာ ကျပါမယ်။ ကျွန်တော်ကတော့ လာမယ့် ဂျီနိုအာပွဲကိုပဲ အာရုံစိုက်နေတယ်။ ကိုမိုမှာ နည်းပြချုပ်အဖြစ် ကျွန်တော့်စာမျက်နှာဆက်ရေးမယ်လို့ ယုံကြည်တယ်။ လာမယ့်ပွဲတွေအပေါ်မှာပဲ အာရုံစိုက်တယ်။ လာမယ့် ၅ ပွဲနဲ့ ကလပ်သမိုင်းမှာ ပထမဆုံးဥရောပဝင်ခွင့်ရရေးကို ကျော်ပြီး အခြားအရာတွေကို စဉ်းစားနေရင် မိုက်မဲရာ ကျပါလိမ့်မယ်။ ကျွန်တော့်ဥက္ကဌက ကျွန်တော့်ကို အရမ်းတန်ဖိုးထားတဲ့အကြောင်းလွဲရင် ကျန်တဲ့ပြောစကားကို မကြားမိသလို မြင်လည်း မမြင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
မကြာသေးမီတုန်းက အင်တာဗျူးတစ်ခုတွင် ကိုမိုဥက္ကဌက ဖာဘရီဂက်စ်အနေဖြင့် ပျော်ရွှင်မယ်ဆိုပါက လွတ်လပ်စွာ ထွက်ခွာသွားနိုင်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

image