ပင်နယ်တီသုံးလုံးကာကွယ်ကာ တူရကီတွင် ဆုဖလားဖြင့် အဆုံးသတ်နိုင်မယ့် အခွင့်အရေး ရရှိနေတဲ့ ယူနိုက်တက်ဂိုးသမားအိုနာနာ
====================
အင်ဒရေအိုနာနာဟာ ပင်နယ်တီအဆုံးအဖြတ်တွင် ပင်နယ်တီ ၃ ကြိမ်ကာကွယ်ပြီး ထရက်ဇွန်စပေါ်ကို တူရကီဖလားဆီမီးဖိုင်နယ်သို့ ပို့ဆောင်လာပြီး ယူနိုက်တက်သို့ ပြန်ချိန်တွင် ဆုဖလားတစ်လုံးဖြင့် ပြန်နိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်လာပါတယ်။
အင်တာမီလန်မှာတုန်းက ပင်နယ်တီသူရဲကောင်းဖြစ်ခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက်မှာ ကစားစဉ်တုန်းကလည်း ကိုပင်ဟေဂင်နှင့် ချန်ပီယံလိဂ်တွင် အရေးပါတဲ့ ပင်နယ်တီ ၂ ကြိမ် ကာကွယ်ဖူးသလို ဆောက်သမ်တန်နှင့် ပရီးမီးယားလိဂ်ပွဲမှာလည်း ပင်နယ်တီ ကာကွယ်ဖူးပါတယ်။
ကင်မရွန်းလက်ရွေးစင်ဟာ ထရက်ဇွန်စပေါ်သို့ အငှားဖြင့် မပြောင်းမီ ယူနိုက်တက်အတွက် နောက်ဆုံးကစားတဲ့ ဩဂုတ်လတုန်းက ဂရမ်စဘီအား ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားပွဲမှာလည်း ပင်နယ်တီ တစ်ကြိမ် ကာကွယ်ခဲ့ပါသေးတယ်။
အိုနာနာဟာ ကြာသပတေးနေ့ညတုန်းက ဆမ်ဆန်းစပေါ်နှင့် ပွဲမှာတော့ ပွဲချိန် မိနစ် ၁၂၀ အတွင်း ဂိုးမရှိသရေကျပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်ကန်ချိန်မှာတော့ ပင်နယ်တီ ၃ ကြိမ်အထိ ကာကွယ်ကာ ထရက်ဇွန်စပေါ်ကို တူရကီဖလားဆီမီးဖိုင်နယ်သို့အထိ ပို့ဆောင်လာပါတယ်။
ထရက်ဇွန်စပေါ်ဟာ မေလ ၁၃ ရက်နေ့မှာ တူရကီဖလားဆီမီးဖိုင်နယ်အဖြစ် ဂျန်ဂလာဘာလီဂီနှင့် ကစားရမှာ ဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မယ်ဆိုရင် ဘီဆစ်တပ် (သို့မဟုတ်) ကွန်ယာစပေါ်နှင့် ရင်ဆိုင်ကစားရပါမယ်။
ထရက်ဇွန်စပေါ်ဟာ ယူနိုက်တက်မှ အငှားဖြင့် လာကစားနေတဲ့ အိုနာနာကို အသင်းတွင် ဆက်ထိန်းထားလိုနေပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ တောင်းဆိုမှုကြောင့် အခက်တွေ့နေပါတယ်။
တဖက်တွင် အိုနာနာကို ဘီဆစ်တပ်၊ မိုနာကိုအပြင် ဆော်ဒီကလပ်တွေကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
အိုနာနာဘက်က အိုးထရက်ဖို့ဒ်တွင် ဆက်ကစားလိုနေသေးပေမယ့်လည်း ယူနိုက်တက်ကတော့ နွေရာသီမှာ ရောင်းချရန် ကြိုးပမ်းလာပါမယ်။
သူဟာ ယူနိုက်တက်နှင့် ၂ နှစ်စာချုပ်ကျန်နေသေးပြီး တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေပါတယ်။
အသက် ၃၀ နှစ်ရှိ ဂိုးသမားဟာ ယူနိုက်တက်သို့ ပြန်လာပါက နံပါတ်တစ်ဂိုးသမားနေရာအတွက် ဆန်နီလမ်မန်နှင့် ယှဉ်ပြိုင်ရပါမယ်။
ဒါပေမယ့် ယူနိုက်တက်ဘက်က အိုနာနာကို အသင်းတွင် ဆက်ထားရန် ဆန္ဒမရှိဘဲ ရောင်းချလိုနေပါတယ်။