ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုများဖြစ်ပေါ်

ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ယနေ့ ဧပြီ ၂၆ ရက်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် နေ့လည် ၃ နာရီခွဲကျော်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁)ရပ်ကွက်၊ သိမ်တော်ဦးဘုရားလမ်းရှိ နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့သဖြင့် တောင်ငူမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်လည်း နေ့လည် ၃ နာရီခွဲကျော်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် ၂၅၉/၃ အနီးရှိ ကုန်စုံဆိုင်ပေါ်သို့သစ်ပင်လဲကျခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်ခန့်ကလည်း မန္တ လေးတိုင်း၊ ပျော်ဘွယ်မြို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် မြင်းဘက်ရပ်ကွက်၊ ရန်ကုန်-မန္တ လေးကားလမ်းဟောင်းဘေးတွင်သစ်ပင်လဲကျကာလမ်းပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ နံနက် ၅ နာရီခန့်ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင်လေပြင်းတိုက်ခတ်မှုကြောင့် မြို့မမြောက်ရပ်ကွက်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သစ်ကိုင်းများကျိုးကျနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ ဧပြီ ၂၅ ရက်ည ၁၀ နာရီခန့်ကလည်း ကချင် ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာ သွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နောင်ကိုင်တော်ရပ်ကွက်ရှိ နေအိမ်များအမိုးလန်ပျက်စီးခြင်း၊ နတ်ကြီးကုန်းရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်ဝန်းအတွင်း အ ဆောက်အဦ၊ အရှေ့ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးအရှေ့နှင့် မိုးကောင်းတံတားအဆင်းရှိ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ ဧပြီ ၂၆ ရက်နံနက် ၇ နာရီ ၄၅ မိနစ်ခန့်မှစတင်၍ မိုးကောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လဲကျနေသည့်သစ်ပင်များကို ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

image