အာဆင်နယ်အား အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သကဲ့သို့ အောင်ပွဲခံခဲ့တဲ့ မန်စီးတီးစတားများကို ဂွါဒီယိုလာ ကာကွယ်လာ
===================

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ တနင်္ဂနွေနေ့တုန်းက အာဆင်နယ်အား အနိုင်ရတဲ့ပွဲအပြီးတွင် ချန်ပီယံဖြစ်သကဲ့သို့ အလွန်အကျွံအောင်ပွဲခံခဲ့ကြတဲ့ မန်စီးတီးကစားသမားများအား ဘောလုံးဝေဖန်သမားအချို့တို့က ဝေဖန်လာပြီးနောက် ကစားသမားများအနေဖြင့် ဆန္ဒရှိသကဲ့သို့ အောင်ပွဲခံနိုင်ကြောင်း ကာကွယ်ပြောဆိုလာပါတယ်။
မန်စီးတီးကစားသမားများဟာ အီတီဟတ်နိုင်ပွဲအပြီးတွင် အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီက မန်စီးတီးရဲ့ အောင်ပွဲခံမှုက အနည်းငယ်စောနေသေးကြောင်း ပြောကြားခဲ့သလို လီဗာပူးကစားသမားဟောင်းမာဖီကလည်း အလွန်အကျွံဖြစ်လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။
မန်စီးတီးဟာ အီတီဟတ်တွင် ၂-၁ ဖြင့် အနိုင်ရပြီးနောက် ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၃ မှတ်အကွာသို့ ရောက်လာခဲ့ပါတယ်။ မန်စီးတီးဟာ ယနေ့ည ဘန်လေနှင့်ပွဲတွင် အနိုင်ရရှိလာပါက ဂိုးကွာခြားချက်ဖြင့် ဇယားထိပ်ဆုံးနေရာကို ရယူလာပါမယ်။
ဂွါဒီယိုလာက "ဒီပွဲကို ကြည့်ပြီး အရာအားလုံးရှိနေတဲ့ သူတို့ကို အနိုင်ရဖို့ ကျွန်တော်တို့ ချွေးနဲ့ သွေးနဲ့ တိုက်ယူခဲ့ရတာ။ သူတို့က ထိပ်တန်းအသင်းပါ။ ချန်ပီယံလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတဲ့အသင်းဖြစ်သလို ပရီးမီးယားလိဂ်ကိုလည်း ဦးဆောင်နေသူတွေပါ။ ကျွန်တော် ကွင်းဘေးစည်းမှာ ရှိနေတုန်းက အာဆင်နယ်ကစားတာ ကြည့်ခဲ့ရတယ်။ သူတို့ အရမ်းကောင်းတယ်"လို့ ပြောကြားသွားပါတယ်။
အီတီဟတ်ပွဲစဉ် ပွဲသိမ်းခရာမှုတ်ပြီးချိန်တွင် အာဆင်နယ်ကစားသမားတို့မှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြပြီး မန်စီးတီးကစားသမားများကတော့ အဖိုးတန် ရမှတ်သုံးမှတ် ရယူနိုင်ပြီးနောက် ပရိသတ်များနှင့် အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။
မန်စီးတီးဂိုးသမားဒွန်နာရမ်မာမှာ ပွဲကြည့်စင်သို့ တက်သွားခဲ့သလို ဟာလန်းမှာလည်း အင်္ကျီချွတ်ကာ ကစားဖော်များနှင့်အတူ ကွင်းပတ်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ရက်ပေါင်းနှစ်ရာကျော်ရပ်တည်ခဲ့တာ ဖြစ်ပြီး မန်စီးတီးကတော့ အဖွင့်ပွဲတွင် ဝုဗ်ကို ၄-၀ ဖြင့် အနိုင်ရပြီးနောက် ဇယားထိပ်ဆုံးမှာ ၆ ရက်တည်းသာ ရပ်တည်နိုင်ခဲ့တာပါ။
မန်စီးတီး ရင်ဆိုင်ရမယ့် ဘန်လေမှာ ယခုရာသီတွင် ၄ ပွဲတည်းသာ နိုင်ပွဲ ရထားပြီး ယနေ့ညတွင် ရှုံးနိမ့်ပါက ချန်ပီယံရှစ်သို့ တန်းဆင်းရပါမယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "သူတို့ အောင်ပွဲခံချိန်မှာ လူတွေက သူတို့ ထင်သလို ပြောကြတယ်။ သူတို့ အောင်ပွဲခံတယ်ဆိုတာ ပြိုင်ဘက်ရဲ့ တန်ဖိုးကို သိလို့ပါ။ အနိုင်မရဘူးဆိုရင် သူတို့ ဘိုင့်ဘိုင်လို့ ပြောရုံပဲ ရှိတယ်။ သူတို့ အနိုင်ရခဲ့တယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်နေတုန်းပဲ။ ဘာလို့ အောင်ပွဲမခံသင့်တာလဲ ပြောစမ်းပါဦး။ ပြိုင်ဘက်ကို လေးစားသလို ပြိုင်ဘက်ပရိသတ်ကိုလည်း လေးစားတယ်။ ကိုယ့်ကြိုက်သလိုလည်း အောင်ပွဲခံတယ်။ ရာသီအကုန်အထိ အောင်ပွဲခံဖို့ စောင့်နေရမှာလား။ သွားစမ်းပါ။ ပွဲတစ်ပွဲချင်းစီတိုင်းက ပရိသတ်တွေအတွက်ပဲ၊ ဒီအခိုက်အတန့်မှာ ပျော်နေစမ်းလို့ သူတို့ကို ပြောထားတယ်။ ဒီအခိုက်အတန့်မှာ မရှင်သန်ရဘူးလား။ အနိုင်ရမှာပဲ တစ်ကြိမ်တည်းပဲ အောင်ပွဲခံရမှာလား။ ခင်ဗျားက အနိုင်မရတိုင်း ငိုနေတာလား။ လုပ်စမ်းပါ"လို့ ပြောကြားသွားပါတယ်။

image