ရာသီအကုန်တွင် ထွက်ခွာမယ့် အိုင်ရာအိုလာနေရာတွင် ရို့စ်ကို ခန့်အပ်ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ ဘုန်းမောက်
======================
ဘုန်းမောက်ဟာ ရာသီအကုန်တွင် အသင်းမှ ထွက်ခွာမယ့် အန်ဒိုနီအိုင်ရာအိုလာရဲ့ နေရာတွင် မာကိုရို့စ်အား ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

ဘုန်းမောက်ဟာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့တုန်းက အသက် ၄၃ နှစ်ရှိ အိုင်ရာအိုလာမှာ စာချုပ်သစ်ချုပ်ဆိုလာမှာ မဟုတ်ဘဲ နွေရာသီတွင် Vitality Stadium မှ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြရို့စ်ဟာ အစ္စဝှစ်ချ်နည်းပြကီရန်မက်ကန်နာ၊ ဗယ်လီကာနိုနည်းပြအိုင်နီဂိုပီရက်ဇ်တို့နှင့်အတူ ဘုန်းမောက်နည်းပြရာထူးအတွက် လျာထား ၃ ဦးစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

အသက် ၄၉ နှစ်ရှိ ရို့စ်ဟာ ၂၀၂၅ ခုနှစ် မတ်လတုန်းက လိုက်ဇစ်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး အင်္ဂလန်တွင် နည်းပြဖူးတဲ့ အတွေ့အကြုံမရှိပါဘူး။

ရို့စ်ဟာ ၂၀၁၂ ခုနှစ်တွင် လိုကိုမိုးတစ်လိုက်ဇစ်ကို ကိင်တွယ်ကာ နည်းပြဘဝစတင်ခဲ့သူ ဖြစ်ပြီး ရက်ဘူးလ်ဆဲလ်ဘတ်၊ ဒေါ့မွန်၊ မိုချင်ဂလက်ဘတ်နှင့် ရက်ဘူးလ်လိုက်ဇစ်တို့အား ကိုင်တွယ်ခဲ့ဖူးပါတယ်။

သူဟာ ရက်ဘူးလ်ဆဲလ်ဘတ်နှင့်အတူ ဩစတြီးယားဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်ဆွတ်ခူးခဲ့ဖူးသလို လိုက်ဇစ်နှင့်အတူ ဂျာမန်ပိုကယ်ဖလား၊ ဂျာမန်စူပါဖလားတို့ ဆွတ်ခူးခဲ့ဖူးပါတယ်။

ဒေါ့မွန်နှင့်လည်း ဂျာမန်ပိုကယ်ဖလားဆွတ်ခူးခဲ့ဖူးတဲ့ ရို့စ်ဟာ ဖေဖော်ဝါရီလတုန်းက သောမတ်စ်ဖရန့် ထုတ်ပယ်ခံရစဉ်တုန်းက လစ်လပ်နေတဲ့ စပါးစ်နည်းပြရာထူးအတွက် ဆက်သွယ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ယနေ့တွင် လိဒ်အား ဧည့်ခံကစားရပါမယ်။

image