ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။
မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။
ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။
"ကံကောင်းထောက်မစွာပဲ ရုရှားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ပက်ထရိုနာ့စ်အဖွဲ့က သူတို့နဲ့ ညှိနှိုင်းလို့ရပါတယ်" ဟု မလေးဘာသာသုံး နေ့စဉ်ထုတ်သတင်းစာ Sinar Harian ကို ၎င်းက ပြောခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယခင်ကထွက်ပေါ်ထားခဲ့သော သတင်းများအရ အရှေ့တောင်အာရှနိုင်ငံများစွာသည်လည်း ရုရှားရေနံကို ဝယ်ယူရန် ဆက်သွယ်ခဲ့ကြသည် သို့မဟုတ် သဘောတူညီချက်များ ရရှိခဲ့ကြသည်ဟု သိရသည်။
သောကြာနေ့အစောပိုင်းတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ယာယီပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။ သို့သော် စနေနေ့တွင် တေရန်က ယင်းသဘောထားကို ပြောင်းပြန်လှန်ခဲ့ပြီး ရေလက်ကြားကို ပြန်လည်ထိန်းချုပ်ရန် ထပ်မံပိတ်ပစ်ခဲ့သောကြောင့် စစ်ပွဲတွင် မရေရာမှုများ ထပ်မံဖြစ်ပေါ်စေခဲ့သည်။
အပ-စ်အခတ်ရပ်စဲရေးကို ချိုးဖေ-ာက်၍ အီရန်ဆိပ်ကမ်းများကို အမေရိက,က ဆက်လက်ပိတ်ဆို့ထားခြင်းကို တုန့်ပြန်နေကြောင်း အီရန်က ပြောကြားခဲ့ပြီး အီရန်ရေတပ်သည် ရန်သူများအကြီးအကျယ် ရှုံးနိမ့်စေရန် အသင့်ရှိနေကြောင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီက ပြောကြားခဲ့သည်။
အစိုးရ၏ အစောပိုင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မကြာသေးခင် ရက်သတ္တပတ်များအတွင်း ဟော်မုဇ်ရေလက်ကြားရှိ အရေးကြီးသောလမ်းကြောင်းကို ပထမဆုံး ဖြတ်သန်းနိုင်ခဲ့သည့်သင်္ဘောများတွင် မလေးရှားရေနံတင်သင်္ဘောများ ပါဝင်ခဲ့ကြောင်း စနေနေ့တွင် အန်ဝါက ပြောကြားခဲ့သည်။

image