ပရီးမီးယားလိဂ်ဖန်တီးမှု စံချိန်အား လိုက်မီရန် လက်တစ်ကမ်းအလိုသို့ ရောက်လာတဲ့ ဘရူနိုဖာနန်ဒက်စ်
======================
ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ စနေနေ့ညတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်တွင် ချဲလ်ဆီးအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် မားသီးယပ်စ်ကူညာ အနိုင်ဂိုးသွင်းနိုင်အောင် ဖန်တီးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖန်တီးမှုစံချိန်အား လိုက်မီရန် လက်တစ်ကမ်းအလိုသို့ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ ပေါ်တူဂီစတားဟာ ကူညာအား ယခုရာသီ ၈ ဂိုးမြောက်ဂိုးအား သွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်တွင် ဖန်တီးမှု ၁၈ ကြိမ်အထိ ရှိလာခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင် အများဆုံးဖန်တီးနိုင်တဲ့ ကစားသမားအဖြစ် သမိုင်းမှတ်တမ်းရေးထိုးထားတဲ့ သီယာရီဟင်နရီနှင့် ကီဗင်ဒီဘရိုင်းရဲ့ စံချိန်အား လိုက်မီရန် ဖန်တီးမှု ၂ ကြိမ်တည်းသာ လိုပါတော့တယ်။
အာဆင်နယ်ဂန္ထဝင်သီယာရီဟင်နရီဟာ ၂၀၀၂-၀၃ ရာသီတုန်းက အကြိမ် ၂၀ ဖြင့် ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင် ဖန်တီးမှုအများဆုံးစံချိန်ကို တင်ခဲ့တာပါ။ ယင်းနောက် ၂၀၁၉-၂၀ ရာသီမှာ ကီဗင်ီဒဘရိုင်းကလည်း မန်စီးတီးအတွက် အကြိမ် ၂၀ ဖန်တီးပြီး ဟင်နရီရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။
လက်ရှိအချိန်တွင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင် ဒုတိယဖန်တီးမှုအများဆုံးအဖြစ် ၁၈ ကြိမ်ဖြင့် မိုဟာမက်ဆာလက်၊ ကီဗင်ဒီဘရိုင်း၊ မီဆတ်အိုဇေးလ်၊ ဆက်စ်ဖာဘရီဂက်စ်၊ ဖရန့်လမ်းပတ်တို့နှင့်အတူ ရပ်တည်နေပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲ ၅ ပွဲကစားရန် ကျန်နေသေးမှုနှင့်အတူ လက်ကျန်ပွဲများတွင် ဟင်နရီနှင့် ကီဗင်ဒီဘရိုင်းတို့ရဲ့စံချိန်ကို ရိုက်ချိုးနိုင်ရေး ကြိုးပမ်းရပါမယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ကျန်ပွဲများအဖြစ် ဘရန့်ဖို့ဒ်(အိမ်)၊ လီဗာပူး(အိမ်)၊ ဆန်းဒါးလန်း(အဝေး)၊ နော်တင်ဟမ်ဖောရက်စ်(အိမ်)၊ ဘရိုက်တန်(အဝေး)တို့ ကစားရပါမယ်။