နွေရာသီတွင် မော်ဂန်ရိုဂျာကို ပေါင်သန်း ၈၀ ဖြင့် ခေါ်ယူရေး အာဆင်နယ်၊ ယူနိုက်တက်နှင့် ချဲလ်ဆီးတို့ အပြိုင်တိုက်ပွဲဝင်လာကြမည်
=======================
အာဆင်နယ်၊ ယူနိုက်တက်နှင့် ချဲလ်ဆီးတို့ဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အက်စတွန်ဗီလာစတားမော်ဂန်ရိုဂျာအား ပေါင်သန်း ၈၀ ဖြင့် ခေါ်ယူရေး အပြင်းအထန် တိုက်ပွဲဝင်လာကြဖို့ ရှိနေပါတယ်။
အင်္ဂလန်အလယ်တန်းကစားသမားဟာ ကွင်းလယ်တိုက်စစ်နေရာတွင်သာမက ဘယ်တောင်ပံတွင်လည်း ကစားနိုင်သူ ဖြစ်ပြီး နွေရာသီကမ္ဘာ့ဖလားတွင် တူချယ်ရဲ့ အင်္ဂလန်အသင်းတွင် အရေးပါတဲ့ အခန်းကဏ္ဍက ကစားလာမယ်လို့ ယုံကြည်ရပါတယ်။
သူဟာ အမေရိကန်တွင် ခြေစွမ်းပြကစားလာပါက အပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူရေး ပိုမို အပြင်းအထန်ကြိုးပမ်းခြင်းခံလာရနိုင်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီမှ စတင်ကာ ယခုအချိန်အထိ ၂၄ ဂိုးသွင်းပြီး ၂၃ ကြိမ် ဖန်တီးထားနိုင်မှုနှင့်အတူ ပရီးမီးယားလိဂ်ကလပ်များရဲ့ အပြိုင်စိတ်ဝင်စားခြင်းခံထားရပါတယ်။
ဗီလာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ရိုဂျာကို အသင်းတွင် ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားပြီး စာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းထားခြင်း မရှိပါဘူး။
ဒါပေမယ့် The Times ရဲ့ ဖော်ပြလာမှုအရ အက်စတွန်ဗီလာဟာ ရိုဂျာအား ရောင်းချလာချိန်တွင် ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းအား အသင်းဟောင်းမစ်ဒယ်ဘရော့ကို ပေးလာရပါမယ်။
ဗီလာဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက ရိုဂျာကို မစ်ဒယ်ဘရော့မှ ပေါင် ၁၅ သန်းဖြင့် ခေါ်ယူခဲ့တာပါ။
တဖက်တွင် ဗီလာဟာ ပရီးမီးယားလိဂ်ရဲ့အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းနှင့် ကိုက်ညီစေရေးအတွက် နွေရာသီတွင် ငွေကြေး လိုအပ်ချက်များ ရှိနေရာ ရိုဂျာကို ရောင်းချမှုက အသင်းရဲ့ ဘဏ္ဍာရေးဟန်ချက်ကို ညှိပေးဖို့ အထောက်အပံ့ဖြစ်နေစေပါတယ်။
ဗီလာဟာ ၂၀၂၂-၂၃ ရာသီတုန်းက ပေါင် ၁၂၀.၃ သန်း အရှုံးပေါ်ခဲ့ပြီး ၂၀၂၃-၂၄ ရာသီတွင် ပေါင် ၈၅.၉ သန်း အရှုံးပေါ်ခဲ့ပါတယ်။၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ပေါင် ၁၇ သန်းအမြတ်ပေါ်ခဲ့ပေမယ့်လည်း ဘဏ္ဍာရေးဟန်ချက်ညီအောင် လုပ်ရန် လိုအပ်နေပါသေးတယ်။
နောက်ထပ် ဗီလာအတွက် အခက်အခဲတစ်ခုက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရေး ဖြစ်ပါတယ်။
တကယ်လို့များ ဗီလာဟာ ယူရိုပါလိဂ်ချန်ပီယံဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာပါက ရိုဂျာကို ဆက်ထိန်းထားလာနိုင်ခြေ ရှိနေပါတယ်။
တဖက်တွင် နွေရာသီတွင် ရိုဂျာကို ခေါ်ယူလာမယ့်ကလပ်များအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှသာ ကစားသမားကို သွေးဆောင်နိုင်ပါမယ်။