ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင် အင်တာမိုင်ယာမီရဲ့ မြင့်မားတဲ့လုပ်ခဖြင့် ကမ်းလှမ်းမှုကို ပယ်ချကာ ယူနိုက်တက်နှင့်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ မက်ဂွိုင်းယား
===================
ယူနိုက်တက်ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားဟာ ယူနိုက်တက်နှင့် စာချုပ်သစ်မချုပ်ဆိုမီ ဆာဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီရဲ့ မြင့်မားတဲ့လုပ်ခဖြင့် ကမ်းလှမ်းမှု ခံခဲ့ရကြောင်း သိရပါတယ်။

အသက် ၃၃ နှစ်ရှိ မက်ဂွိုင်းယားရဲ့ ယခင်စာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်ဗဟိုနောက်ခံလူဟာ အင်္ဂါနေ့တုန်းက ယူနိုက်တက်နှင့် ၁ နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါ ၁ နှစ်စာချုပ်သစ်အား ချုပ်ဆိုခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်တွင် လက်စတာမှ ပေါင် ၈၅ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ယာယီနည်းပြမိုက်ကယ်ကာရစ်လက်အောက်တွင် ၁၀ ပွဲလုံး ပွဲထွက်ကစားသူဖြစ်ပြီး အရေးပါတဲ့ ကစားသမားအဖြစ် ကစားနေပါတယ်။

သူဟာ ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင် အင်တာမိုင်ယာမီ၊ စီးရီးအေချန်ပီယံ နာပိုလီတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် မက်ဂွိုင်းယားဟာ ယူနိုက်တက်တွင် ကစားသမားဘဝ အဆုံးသတ်လိုမှုနှင့်အတူ အင်တာမိုင်ယာမီက မြင့်မားတဲ့လုပ်ခဖြင့် ကမ်းလှမ်းလာပေမယ့်လည်း ပယ်ချကာ အိုးထရက်ဖို့ဒ်တွင်ပင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းက ဝက်စ်ဟမ်းရဲ့ ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်က လက်ခံခဲ့ပေမယ့်လည်း အသင်းမပြောင်းဘဲ အိုးထရက်ဖို့ဒ်တွင်ပင် ဆက်လက်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

မက်ဂွိင်းယားဟာ ၂၀၁၉ ခုနှစ်တွင် ယူနိုက်တက်သို့ ရောက်လာခဲ့ပေမယ့်လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် သူဟာ အဲရစ်တန်ဟက်လက်အောက်တွင် ရုန်းကန်ရပြီးနောက် အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် သူဟာ ရူဘင်အမိုရမ်လက်ထက်တွင် အကောင်းဆုံးပုံစံ ပြန်လည် ရရှိလာပြီးနောက် အရေးပါတဲ့ ကစားသမားအဖြစ် ပြန်လည် ကစားခွင့်ရလာသူ ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ၂၆၆ ပွဲကစားထားတဲ့ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့လတုန်းက ဘုန်းမောက်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် အနီကတ်ပြသခြင်းခံရပြီးနောက် ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုအပတ် လိဒ်နှင့်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။

image