ကမ္ဘာ့ဖလားမတိုင်မီ အနာဂတ်ကို လီဗာပူးစတားကိုနာတေး ဆုံးဖြတ်လာမည်
=====================
လီဗာပူးစတားအီဘရာဟမ်ကိုနာတေးဟာ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အနာဂတ်အား ဆုံးဖြတ်လာပါမယ်။
အသက် ၂၆ နှစ်ရှိ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး လီဗာပူးရဲ့ စာချုပ်သစ်ကမ်းလှမ်းခြင်း ခံထားရပါတယ်။
L'Equipe က ကိုနာတေးဟာ လက်ကျန် ၂ လကာလအတွင်း အနာဂတ်ကို စဉ်းစားကာ ကမ္ဘာ့ဖလားမတိုင်မီ ဆုံးဖြတ်ချက်ချလာမှာ ဖြစ်ကြောင်း ဖော်ပြသွားပါတယ်။
လက်ရှိအချိန်တွင် ကိုနာတေးနှင့် လီဗာပူးတို့အကြား စာချုပ်သစ်အတွက် သဘောတူမှု မရှိသေးပေမယ့်လည်း အန်ဖီးလ်တွင်ပင် ဆက်ရှိနေဖို့ ရှိနေကြောင်းလည်း သိရပါတယ်။
ကိုနာတေးဟာ လက်ရှိအချိန်တွင် လီဗာပူးမှာ တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိနေတာ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုလာပါက ကလပ်ရဲ့ လုပ်ခအများဆုံးကစားသမားများစာရင်းဝင် ဖြစ်လာပါမယ်။
လီဗာပူးနှင့် ကိုနာတေးတို့ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက ဆွေးနွေးလာခဲ့ကြတာ ဖြစ်ပါတယ်။
တဖက်တွင် ကိုနာတေးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မှာ ဖြစ်လို့ ဥရောပထိပ်သီးများဖြစ်ကြတဲ့ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့ကလည်း ခေါ်ယူရေး စိတ်ဝင်စားနေပါတယ်။