နေပြည်တော်ရှိ နေရာအနှံ့အပြားတွင် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်
နေပြည်တော်ရှိ နေရာအနှံ့အပြား၌ ချိန်ခါမဟုတ်မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်၍ ပျက်စီးမှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပျဥ်းမနားမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်တို့၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်မှုကြောင့် သစ်ပင်လဲ ကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
" ဘောဂသီရိကားဝင်းဘက်နဲ့ ဇဗ္ဗူသီရိဘက်မှာ မိုးလည်းရွာတယ်။ လေလည်းအတော်ကြမ်းကြမ်းတိုက်ပြီး မိုးကြိုးတွေပါပစ်သွားတယ်။ လေပြင်းတိုက်တဲ့အတွက် ပျက်စီးတာတွေလည်းရှိတယ်။ သင်္ကြန်မဏ္ဍပ်တွေဆိုရင်ပျက်စီးနေတာတွေ့တယ်"ဟု ဇဗ္ဗူသီရိမြို့ နယ်နေ ကိုအောင်မျိုးကျော်က ပေါ်ပြူလာနယူးစ်ကိုပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဧပြီ ၇ ရက်ည ၇ နာရီထုတ်ပြန်ချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ် ချုန်းရွာသွန်းနိုင်ကာ နေပြည်တော်၌ နေရာကွက်၍မိုးကြီးနိုင်သည်ဟု အသိပေးထားသည်။
ထို့ပြင် နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးထားသည်။