မည်သည့်သဘောတူညီချက်မဆို ဟော်မုဇ်အသုံးပြုခွင့် အာမခံရမည်-ယူအေအီး
အမေရိက-အီရန်စစ်ပွဲ ပြေငြိမ်းရေး၏ မည်သည့်ဖြေရှင်းမှုမဆိုတွင် ဟော်မုဇ်ရေလက်ကြားမှတဆင့် ဖြတ်သန်းခွင့်ကို အာမခံရမည်ဖြစ်ဟု အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) အစိုးရအရာရှိတစ်ဦးဖြစ်သူ အန်ဝါ ဂါးဂက်ရှ်က ပြောကြားခဲ့ပြီး အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ၎င်း၏ ဒုံးကျည်နှင့် ဒရုန်းများကို ထိန်းကွပ်နိုင်မှုမပါရှိသော သဘောတူညီချက်မျိုးသည် ပိုမိုအန္တရာယ်များပြီး ပို၍ မတည်ငြိမ်သော အရှေ့အလယ်ပိုင်းဖြစ်လာရန် လမ်းခင်းပေးလိမ့်မည်ဟု သတိပေးခဲ့သည်။
ကမ္ဘာ့အရေးကြီးဆုံး ရေနံလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားသည် အသုံးချစရာလက်နက်တစ်ခုဖြစ်၍မရဟု ယူအေအီးသမ္မတ၏ သံတမန်ရေးရာ အကြံပေး ဂါးဂက်ရှ်က စနေနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ၎င်း၏ လုံခြုံရေးသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအရ မရှိမဖြစ်လိုအပ်ပြီး ဒေသတွင်း အပေးအယူလုပ်ရမည့်အရာမဟုတ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို မည်သည့်နိုင်ငံမျှ ဓားစာခံအဖြစ်လုပ်၍ မရကြောင်း ဂါးဂက်ရှ်က ပြောကြားခဲ့ပြီး ရေလမ်းကြောင်းမှတဆင့် လွတ်လပ်စွာရေကြောင်းသွားလာခွင့်သည် မည့်သည့်ပဋိပက္ခဖြေရှင်းချက်တွင်မဆို ရှင်းလင်းတိကျသော သဘောတူညီချက်အစိတ်အပိုင်းတစ်ခုဖြစ်ရမည်ဟု ဆက်လက်ပြောကြားခဲ့သည်။
ယူအေအီးသည် စစ်ပွဲကို အဆုံးသတ်စေလိုသော်လည်း မတည်ငြိမ်မှု၏ အရင်းခံအကြောင်းတရားများကို မဖြေရှင်းဘဲ ထားရှိသည့် အပစ်အခတ်ရပ်စဲရေးမျိုးကို သတိပေးခဲ့ကြောင်းလည်း ဂါးဂက်ရှ်က ပြောကြားခဲ့သည်။
Ref: ဂျေတီ