နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရ၏ ဦးဆောင်မှုအရေးကြီးသကဲ့သို့ ပြည်သူများ၏ပူးပေါင်းပါဝင်မှုသည်လည်းအဓိကကျ
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရ၏ဦးဆောင်မှုအရေးကြီးသကဲ့သို့ ပြည်သူများ၏ပူးပေါင်းပါဝင်မှုသည်လည်းအဓိကကျသည်ဟု ရွေးကောက်တင်မြှောက်ခြင်းခံရသောနိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၅ ရက်နံနက်ပိုင်းက ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန်အခြေခံများကို ခက်ခက်ခဲခဲကြိုးစားရုန်းကန်ဆောင်ရွက်ရာ၌ အစိုးရ၏ဦးစီးဦးဆောင်မှုသည် အရေးကြီးသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အဓိကကျသည်ဟုပြော သည်။
" အားလုံးသိတဲ့အတိုင်းဘဲ ဘယ်လုပ်ငန်းမှာမဆို ခေါင်းဆောင်မှုကအဓိကကျပါတယ်။ ဦးစီးဦးဆောင် အကောင်အထည်ဖော်ကြရတဲ့ အကြီးအကဲတွေရဲ့တာဝန်ဟာအလွန်အရေးကြီးပါတယ်"ဟု ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတက ပြောသည်။
နိုင်ငံတော်အဆင့်၊ တိုင်း/ပြည်နယ်များတွင် ဒေသအ လိုက်၊ ကဏ္ဍအလိုက်ချမှတ်ပေးထားသည့် ဦးတည် ချက်များ၊ ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်ရသည်မှာ သာမန်အချိန်၌ပင်မလွယ်ကူဘဲ ယခုကဲ့သို့အခက်အခဲမျိုးစုံကြားမှလုပ်ဆောင်ရခြင်းသည်ပိုမိုခက်ခဲကြမ်းတမ်းကာ တော်ရုံတန်ရုံစိတ်ဓာတ်မျိုး၊ ဝတ်ကျေတန်းကျေလုပ်ဆောင်မှုမျိုးဖြင့် လက်ရှိအခြေအနေကိုရောက်မလာနိုင်ဟုလည်း ပြောသည်။
မိမိတို့တာဝန်ယူခဲ့သည့် (၅)နှစ်တာအတွင်း အချို့အ ကြီးအကဲများနှင့် ခေါင်းဆောင်မှုတာဝန်ယူထားသူအချို့သည် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှုလွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်းနှင့်မညီသည်များအချို့ရှိခဲ့၍ အခက်အခဲကြားမှ နိုင်ငံကိုတည်ဆောက်ရာတွင်မဖြစ်သင့်မဖြစ်ထိုက်သည်များမဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် မလွှဲမရှောင်သာဆောင်ရွက်ရခြင်း၊ လက်တွဲဖြုတ်ခဲ့ရခြင်းများရှိခဲ့သည်ဟု ရွေးကောက်တင်မြှောက်ခြင်းခံရသောနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။