ဘန်ကောက်တွင် သမီးငယ်ဖြစ်သူအား သ_တ်ဖြ_တ်ခဲ့သည့် မြန်မာအမျိုးသမီး ဖမ်းဆီးခံရ
ဘန်ကောက်မြို့တွင် ခုနစ်နှစ်အရွယ် သမီးဖြစ်သူအား လည်ပင်းညှစ်သ_တ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို လန်းကျွန်း(Koh Larn) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သံသယတရားခံ မမျိုးပပထွန်းကို မင်းပူရီ(Min Buri) ရာဇဝတ်တရားရုံးမှ ထုတ်ပြန်ထားသည့် ဝရမ်းအမှတ် (၅၇၈/၂၅၆၉) အရ ရည်ရွယ်ချက်ရှိရှိ လူသ_တ်မှုဖြင့် အလိုရှိနေခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က မင်းပူရီခရိုင်၊ ရမ်းခမ်းဟမ်း လမ်းသွယ် ၁၉၀ (Ramkhamhaeng 190, Soi 5) ရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မဟာနဂရ ရဲတပ်ဖွဲ့ တိုင်းတပ်ခွဲ ၃ နှင့် ပတ္တရား ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ချွန်ပူရီခရိုင်၊ ပတ္တရားကမ်းလွန်ရှိ လန်းကျွန်းပေါ်မှ ဟိုတယ်အခန်းတစ်ခုတွင် သူမအား ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ သံသယရှိသူသည် သူမ၏သမီးကို လည်ပင်းညှစ်သ_တ်ခဲ့ကြောင်း စကားပြန်မှတစ်ဆင့် ဝန်ခံခဲ့သည်။
၎င်းက ရဲတပ်ဖွဲ့အား ပြောကြားရာတွင် ဧပြီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်၌ မိမိတွင် ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် ပြင်းထန်သော စိတ်ဖိစီးမှုများ ခံစားနေရပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် သမီးဖြစ်သူကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားရန်(သ_တ်ရန်) ရည်ရွယ်ခဲ့ကြောင်း ဆိုသည်။ ကလေးကို ဦးစွာသ_တ်ခဲ့သော်လည်း မိမိကိုယ်ကိုယ် သ_တ်ရန် သတ္တိမရှိတော့ဘဲ လန်းကျွန်းသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
မဟာနဂရ ရဲတပ်ဖွဲ့ တိုင်းတပ်ခွဲ ၃ မှ စစ်ဆေးရေးအရာရှိ ရဲမှူးကြီး ဆူရီယား ကွန်ဂျာကောလ်(Pol. Lt. Col. Suriya Kunjakol) က သံသယရှိသူသည် စွဲချက်အားလုံးကို ဝန်ခံခဲ့ပြီး သူမသည် စိတ်ကျရောဂါနှင့် ဘဝအခက်အခဲများစွာကို ခံစားနေရသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သူမသည် ဘရူနိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ခဲ့ပြီး မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာကာ အခင်းမဖြစ်ပွားမီ ရက်အနည်းငယ်ကမှ သမီးဖြစ်သူနှင့် ပြန်လည်ဆုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။