အီရန်တွင် ဒုံးကျည်ပစ်လွှတ်နိုင်စွမ်း အများအပြား ကျန်ရှိနေသေးကြောင်း အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်အရ သိရ

လွန်ခဲ့သည့် ငါးပတ်အတွင်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်ရှိ စစ်ရေးပစ်မှတ်များကို နေ့စဉ်နှင့်အမျှ အပြင်းအထန် တိုက်ခိုက်နေသော်လည်း အီရန်၏ ဒုံးကျည်ပစ်စင် ထက်ဝက်ခန့်မှာ မပျက်မစီးဘဲ ကျန်ရှိနေသေးပြီး အသေခံတိုက်ခိုက်ရေးဒရုန်း ထောင်ပေါင်းများစွာလည်း အီရန်၏ လက်နက်တိုက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် အမေရိကန်ထောက်လှမ်းရေး အကဲဖြတ်ချက်များအရ သိရသည်။ ဤအချက်ကို ထောက်လှမ်းရေး သတင်းအချက်အလက်များနှင့် နီးစပ်သည့် သတင်းရင်းမြစ် သုံးခုက CNN သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့ဟာ ဒေသတစ်ခုလုံးကို အကြီးအကျယ် ပျက်စီးအောင် ဖျက်ဆီးပစ်ဖို့ အသင့်အနေအထားမှာ ရှိနေတုန်းပဲ”ဟု အီရန်နှင့် ပတ်သက်သည့် သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

အမေရိကန် ထောက်လှမ်းရေး၏ စုစုပေါင်း အကဲဖြတ်ချက်တွင် လက်ရှိ၌ အသုံးမပြုနိုင်သေးသည့် ပစ်စင်များ၊ တိုက်ခိုက်မှုများကြောင့် မြေအောက်ထဲတွင် ပိတ်မိနေသော်လည်း ပျက်စီးမသွားသည့် ပစ်စင်များလည်း ပါဝင်နိုင်သည်။

အီရန်၏ ဒရုန်း ထောင်ပေါင်းများစွာ ကျန်ရှိနေသေးပြီး ၎င်းမှာ နိုင်ငံ၏ စုစုပေါင်း ဒရုန်းစွမ်းရည်၏ ၅၀ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း သတင်းရင်းမြစ် နှစ်ခုက ဆိုသည်။ မကြာသေးမီရက်ပိုင်းက ပြုစုထားသော ထောက်လှမ်းရေး အချက်အလက်များအရ အီရန်၏ ကမ်းရိုးတန်း ကာကွယ်ရေး ခရုစ်ဒုံးကျည် အများအပြားမှာလည်း မပျက်မစီး ရှိနေကြောင်း သိရသည်။ ၎င်းမှာ အမေရိကန်ကလေကြောင်းစစ်ဆင်ရေးတွင် ကမ်းရိုးတန်းစစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများကို အဓိကမထားဘဲ သင်္ဘောများကိုသာ သည်းမည်း၍တိုက်ခိုက်နေခြင်း‌ေကြာင့်လည်းဖြစ်သည်။ ထိုဒုံးကျည်များသည် ဟော်မုဇ် ရေလက်ကြားအတွင်းရှိ သင်္ဘောသွားလာမှုများကို ခြိမ်းခြောက်နိုင်သည့် အီရန်၏ အဓိက စွမ်းဆောင်ရည်တစ်ခု ဖြစ်သည်။

ဤထောက်လှမ်းရေး အချက်အလက်များသည် သမ္မတ ဒေါ်နယ်ထရန့်နှင့် အစိုးရတာဝန်ရှိသူများက လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသည့် "စစ်ရေးအရ အောင်ပွဲခံပြီ" ဆိုသော အကဲဖြတ်ချက်များနှင့် နှိုင်းယှဉ်လျှင် ပိုမိုနက်ရှိုင်းပြီး ကွဲပြားသော ပုံရိပ်တစ်ခုကို ဖော်ပြနေသည်။

ဗုဒ္ဓဟူးနေ့ညနေပိုင်းက နိုင်ငံတော်သို့ ပြောကြားသည့် မိန့်ခွန်းတွင် "အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများ ပစ်လွှတ်နိုင်စွမ်းသည် သိသိသာသာ လျော့ကျသွားပြီဖြစ်ပြီး ၎င်းတို့၏ လက်နက်စက်ရုံများနှင့် ဒုံးကျည်ပစ်စင်များသည် အပိုင်းပိုင်းအစစ ဖြစ်အောင် ဖျက်ဆီးခံလိုက်ရကာ အနည်းငယ်သာ ကျန်တော့သည်”ဟု ထရမ့်ကပြောကြားခဲ့‌သေးသည်။

စစ်မြေပြင် အခြေအနေနှင့် ထိခိုက်မှုများ
အမေရိကန် စစ်ရေးဗဟိုစစ်ဌာနချုပ်(CENTCOM) ၏ အဆိုအရ ဗုဒ္ဓဟူးနေ့အထိ အမေရိကန်သည် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ပေါင်း ၁၂,၃၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည်။ အမေရိကန် စစ်တပ်သည် အီရန်၏ စစ်ရေးစွမ်းရည်ကို အားနည်းအောင် ပြုလုပ်နိုင်ခဲ့ပြီး အီရန်၏ အဓိက ခေါင်းဆောင်ကြီး အလီခါမေနီ နှင့် အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ အလီလာရီဂျာနီ တို့ အပါအဝင် အဆင့်မြင့် ခေါင်းဆောင်များကို အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများဖြင့် သုတ်သင်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

သို့သော် ပင်တဂွန်စစ်ဌာနချုပ်က လူသိရှင်ကြား ထုတ်ပြန်ချက်တွင်မူ ဖျက်ဆီးနိုင်ခဲ့သည့် ပမာဏထက် အီရန်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်စုစုပေါင်း အရေအတွက် လျော့ကျသွားမှုကိုသာ အသားပေး ဖော်ပြခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဆက် က မတ်လ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် “ကျွန်ုပ်တို့ရဲ့ တပ်ဖွဲ့ဝင်တွေအပေါ် ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေဟာ ပဋိပက္ခစတင်ချိန်ကစပြီး ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသလို၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေဟာလည်း ၉၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်” ဟု ပြောကြားခဲ့ပြန်သည်။

အမေရိကန်အစိုးရ၏ တုံ့ပြန်ချက်
ဤသတင်းနှင့် ပတ်သက်၍ မေးမြန်းချက်များကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက "အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေဟာ သမ္မတထရမ့်ကို တိုက်ခိုက်ချင်နေကြပြီး 'Operation Epic Fury'ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်နေတဲ့ အမေရိကန်စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်နေကြတာဖြစ်တယ်" ဟု တုံ့ပြန်ခဲ့သည်။

image