ပရီးမီးယားလိဂ်သမိုင်းတွင် အကြီးမားဆုံးငွေကြေးအရှုံးပေါ်လာတဲ့ ချဲလ်ဆီး
====================
ချဲလ်ဆီးက ပရီးမီးယားလိဂ်သမိုင်းတွင် အခွန်မဆောင်မီ အကြီးမားဆုံးအရှုံးနှင့် ရင်ဆိုင်လာရကြောင်း ကြေညာလာပါတယ်။

ချဲလ်ဆီးဟာ ၂၀၂၄-၂၅ ရာသီတွင် ပေါင် ၂၆၂ သန်းအထိ စံချိန်တင် အရှုံးပေါ်လာခဲ့တာ ဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက မန်စီးတီးရဲ့ ပေါင် ၁၉၇.၅ သန်း အရှုံးပေါ်မှုကို ကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဝင်ငွေ ပေါင်သန်း ၄၉၀.၉ သန်းအထိ ရရှိလာခဲ့ပြီး ကလပ်သမိုင်းတွင် ဒုတိယအကြီးမားဆုံးဝင်ငွေ ရရှိခဲ့တဲ့ကြားမှ အရှုံးပေါ်ခဲ့တာပါ။

ချဲလ်ဆီးက ယင်းသို့ သမိုင်းဝင် အရှုံးပေါ်မှု ကြုံရပေမယ့်လည်း သုံးနှစ်အတွင်း ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်ခွင့်ရှိတဲ့ ပရီးမီးယားလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းနှင့် ကိုက်ညီအောင် လုပ်ဆောင်ထားနိုင်ကြောင်း ဆိုထားပါတယ်။

ချဲလ်ဆီးဟာ ၂၀၂၂ ခုနှစ်တွင် ပိုင်ရှင်သစ်လက်အောက်သို့ ရောက်ပြီးနောက် လူငယ်ကစားသမားများကို နှစ်ရှည်စာချုပ်များဖြင့် ခေါ်ယူကာ ကစားသမားအားဖြည့်ရာတွင် ပေါင် ၁ ဘီလီယံကျော် အသုံးပြုထားပါတယ်။

ချဲလ်ဆီးဟာ ယခုရာသီအစောပိုင်းတုန်းက အသင်းကုန်ကျစရိတ်အချိုးစည်းမျဉ်းအား ချိုးဖောက်မှုကြောင့် ယူအီးအက်ဖ်အေရဲ့ ပေါင် ၂၆.၇ သန်း ဒဏ်ရိုက်ခြင်းခံခဲ့ရပြီး သုံးနှစ်တိုင်တိုင် စောင့်ကြည့်ခံနေရပါတယ်။

ချဲလ်ဆီးဟာ ၂၀၂၄-၂၅ ရာသီတွင် အရှုံးပေါ်ခဲ့ပေမယ့်လည်း နောက်တစ်နှစ်အတွက် ဘဏ္ဍာရေးစာရင်းတွင် ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးမှုကြောင့် ပေါင် ၈၅ သန်း ရရှိခဲ့မှု၊ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှုကြောင့် ရုပ်သံဝင်ငွေ ပေါင်သန်း ၈၀ ကျော် ရရှိလာမှုကြောင့် ဝင်ငွေတိုးမြှင့်လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးက ၂၀၂၄-၂၅ ရာသီတွင် အမျိုးသမီးအသင်းမှာ ဝင်ငွေ ပေါင် ၂၁.၃ သန်း ရရှိခဲ့ပြီး ပေါင် ၁၇.၁ သန်း အရှုံးပေါ်ခဲ့ကြောင်းလည်း ကြေညာသွားပါတယ်။

imageimage