လူမျိုးရေးခွဲခြားဆက်ဆံမှုအား စပိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ
===================
စပိန်ရဲတပ်ဖွဲ့ဟာ အင်္ဂါနေ့တုန်းက ဘာစီလိုနာနှင့် အီဂျစ်တို့ ဂိုးမရှိသရေကျတဲ့ ခြေစမ်းပွဲစဉ်ရဲ့ ပထမပိုင်းတွင် ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာမုန်းတီးရေး၊ နိုင်ငံခြားသားမုန်းတီးရေးတို့နှင့်ပတ်သက်တဲ့ သံပြိုင်အော်ဟစ်မှုအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းတွင် အထက်ပါ အဖြစ်အပျက် ဖြစ်ပျက်ပြီးနောက် RCDE Stadium ကွင်းရဲ့ ကြီးမားတဲ့ Screen တွင် အစ္စလာဘ်ဘာသာမုန်းတီးရေး၊ နိုင်ငံခြားသားမုန်းတီးရေးတို့နှင့်ပတ်သက်ပြီး သံပြိုင်အော်ဟစ်မှု မပြုလုပ်ရန် သတိပေးတားဆီးမှုမက်ဆေ့ချ်ပြသခဲ့ရပါတယ်။
ယင်းနောက် ဒုတိယပိုင်းတွင်လည်း ပွဲကြည့်စင်အချို့တို့မှ သံပြိုင်အော်ဟစ်မှုများ ထွက်ပေါ်လာပြီးနောက် သတိပေးတားမြစ်မှု ထပ်မံ ပြုလုပ်ခဲ့ရပါတယ်။
ယခုအခါ စပိန်ရဲတပ်ဖွဲ့က စပိန်နှင့် အီဂျစ်ပွဲအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ကြေညာလာပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်ကလည်း မွတ်စလင်မုန်းတီးရေးလုပ်ရပ်အား အပြင်းအထန်ရှုံ့ချကြောင်း ကြေညာသွားပါတယ်။
စပိန်အသင်းနည်းပြလူးဝစ်ဒီလာဖွန်တီကလည်း ယင်းသံပြိုင်အော်ဟစ်မှုမှာ သည်းခံနိုင်စရာမရှိတဲ့ လုပ်ရပ် ဖြစ်ပြီး အကြမ်းဖက်သူများမှာ ဘောလုံးကို အသုံးချနေကြောင်း ဆိုသွားပါတယ်။
၎င်းက "ဒီလူတွေကို လူ့အသိုင်းအဝန်းကနေ ဖယ်ရှားပစ်ရမယ်။ ဖော်ထုတ်ပြီး ဝေးနိုင်သမျှ ဝေးဝေးမှာ ထားရမယ်"လို့ ဆိုသွားပါတယ်။
အင်္ဂါနေ့က စပိန်နှင့် အီဂျစ်ပွဲမှာ အစောပိုင်းတုန်းက ကာတာတွင် ကစားရန် စီစဉ်ထားခဲ့ပေမယ့်လည်း အရှေ့အလယ်ပိုင်းတွင် စစ်ဖြစ်ပွားနေမှုကြောင့် အက်စ်ပန်ညိုရဲ့အိမ်ကွင်းတွင် ကစားလာရတာလည်း ဖြစ်ပါတယ်။