စင်ကာပူ၏ အေအိုင်ကဏ္ဍတွင် မိုက်ခရိုဆော့ဖ်က ဒေါ်လာ၅.၅ဘီလျံ ရင်းနှီးမြှုပ်နှံမည်
မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများကိုတိုးချဲ့ရန်အတွက် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ကြာမြင့်မည့် အဆိုပါရင်းနှီးမြှုပ်နှံမှုသည် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းလည်ပတ်မှု၊ ဆိုင်ဘာလုံခြုံရေးနှင့် စီမံအုပ်ချုပ်မှု ကဏ္ဍများကို အထောက်အကူပြုမည်ဖြစ်ကြောင်း အဆိုပါ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ငွေလုံးငွေရင်း မြှုပ်နှံမှုနှင့်အတူ မိုက်ခရိုဆော့ဖ်သည် ပညာရေး၊ လုပ်သားအင်အားနှင့် လူမှုရေးကဏ္ဍများတွင် အေအိုင် ကျွမ်းကျင်မှုများက ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်သည့် အစီအစဉ်များကိုလည်း ကြေညာခဲ့သည်။
စင်ကာပူရှိ အဆင့်မြင့်ပညာရေး ကျောင်းသား ၂၀၀,၀၀၀ ကျော်သည် Microsoft 365 Premium (with Copilot) ကို ၁၂ လကြာ အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ ၎င်းသည် Word၊ Excel နှင့် PowerPoint ကဲ့သို့သော ဆော့ဖ်ဝဲများတွင် ထည့်သွင်းထားသည့် အေအိုင် ကိရိယာများကို အသုံးပြုနိုင်စေမည် ဖြစ်သည်။
ထို့ပြင် ကုမ္ပဏီသည် ၎င်းတို့၏ Microsoft Elevate အစီအစဉ်များကိုလည်း တိုးချဲ့လျက်ရှိသည်။ ယင်းတွင် ဆရာ၊ ဆရာမများအနေဖြင့် စာသင်ခန်းများအတွင်း အေအိုင်နည်းပညာကို ထည့်သွင်းအသုံးပြုနိုင်ရန် လေ့ကျင့်ပေးခြင်းနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် အေအိုင်ကို တာဝန်ယူမှုဖြင့် အသုံးပြုနိုင်ရန် ကူညီပေးခြင်းတို့ ပါဝင်သည်။
စင်ကာပူ ပညာရေးဝန်ကြီးဌာနနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ဝါရင့်ဝန်ကြီး ဂျာနီလ် ပူသုချာရီ က အေအိုင်ဆိုင်ရာ အခြေခံကျွမ်းကျင်မှုများသည် ဒစ်ဂျစ်တယ်တတ်မြောက်မှုကဲ့သို့ပင် မရှိမဖြစ်လိုအပ်လာပြီဖြစ်ကြောင်း၊ ကျောင်းသားများနှင့် ဆရာများကို ပြင်ဆင်ပေးခြင်းဖြင့် နိုင်ငံ၏ အနာဂတ်လုပ်သားအင်အားကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိုက်ခရိုဆော့ဖ်၏ ဒုတိယဥက္ကဋ္ဌနှင့် နာယက ဘရက်စမစ် က ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံနေခြင်းသည် စင်ကာပူနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဦးဆောင်သူတစ်ဦးအဖြစ် ရေရှည်ယုံကြည်မှုရှိကြောင်း ထင်ဟပ်နေသည်ဟု ဆိုထားပါသည်။