သတင်းဖော်ပြမှု မရှိဘဲ နိုင်ငံ​တော် အခမ်းအနားတက်တဲ့ သတင်းဌာနတချို့ကို စိစစ်ကန့်သတ်မယ်

သတင်းမီဒီယာ အသိအမှတ်ပြုကတ်ပြား ရယူပြီး သတင်းတွေ ထုတ်လွှင့် ဖော်ပြမှုမရှိဘဲ နိုင်ငံတော်အဆင့် အခမ်းအနားတွေ၊ လွှတ်တော်တွေ တက်ရောက်တဲ့ သတင်းဌာနတချို့ကို စိစစ် ကန့်သတ်သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ပြောကြားထားပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနကတော့ သတင်းဌာနတွေအနေနဲ့ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်စေချင်ပြီး ကျင့်ဝတ်ဖောက်ဖျက်တဲ့ ဌာနကို အသိအမှတ်ပြုကတ်ပြား ပြန်လည် ရုတ်သိမ်းခြင်း (ဒါမှမဟုတ်) သက်ဆိုင်ရာ ဥပဒေနဲ့အညီ တရားစွဲဆိုခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ဝါရင့် သတင်းအယ်ဒီတာ တယောက်က “တပ်မတော်နေ့ အခမ်းအနားအတွက် ကျွန်တော် သတင်းသွားယူရင်း တွေ့ခဲ့ရတာတော့ တချို့ သတင်းဌာနတွေဆို မိသားစုလိုက်ကြီး နေပြည်တော်ကို တခါမှ မရောက်ဖူးတဲ့ပုံစံနဲ့ လာကြတာ၊ အသက်ကြီးပိုင်းတွေပါတယ်။ ဘာသတင်းမှလည်း ယူတာမဟုတ်ဘူး။ ဓာတ်ပုံတွေရိုက်၊ Selfie တွေဆွဲပြီး ပြန်သွားကြတာ။ ဒါမျိုးကျတော့ တကယ် အလုပ်လုပ်တဲ့ သတင်းသမားတွေ နစ်နာတယ်” လို့ ပြောပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အဲဒီလို သတင်းဌာနနဲ့ သတင်းသမားတွေကို အရေးကြီး အခမ်းအနားတွေမှာ သတင်းရယူခွင့် မပြုဘဲ သေချာစွာ စိစစ်သင့်သလို သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း တက်ရောက် သတင်းယူခွင့် တားမြစ်သင့်တယ်လို့ သူက ပြောပါတယ်။

“တပ်မတော်နေ့မှာဆို အရင်က သတင်းသမားတွေအတွက် ကားနှစ်စီးပဲ သွားရတာကို ဒီတခေါက် သုံးစီး သွားရတယ်။ သတင်းဌာနတခုဆို တခါမှ နာမည်လည်း မကြားဖူးဘူး၊ သတင်းရေးတာလည်း မဟုတ်ဘူး၊ လူ ခြောက်ယောက် လာတယ်။ ဒါတွေကိုလည်း ခွင့်မပြုဘဲ စိစစ်သင့်တယ်” လို့ သူက ပြောပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချိခွင့် ရရှိစေရေးအတွက် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၊ သတင်းမီဒီယာ ဥပဒေတို့နဲ့အညီ စိစစ် ခွင့်ပြုပေးလျက် ရှိတယ်လို့ သိရပါတယ်။

သတင်းမီဒီယာ ဥပဒေပုဒ်မ (၉) မှာ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် တာဝန်နဲ့ ကျင့်ဝတ်တွေကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်ကာ နစ်နာတဲ့ ဌာန၊ အဖွဲ့အစည်း (ဒါမှမဟုတ်) ပုဂ္ဂိုလ်၊ သတင်းမီဒီယာသမား တဦးက ပုဒ်မ ၉ မှာ ပြဋ္ဌာန်းထားတဲ့ တာဝန်နဲ့ ကျင့်ဝတ်တရပ်ရပ်ကို ချိုးဖောက်တယ်လို့ ယူဆပါက သတင်းမီဒီယာဥပဒေ ပုဒ်မ (၂၁)၊ (၂၂)၊ (၂၃) တို့အရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ သက်ဆိုင်ရာ တရားရုံးတွေကို တိုင်ကြား/တရားစွဲဆိုနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် သတင်းမီဒီယာ အသိအမှတ်ပြုကတ်ပြား ရယူထားတဲ့ မီဒီယာတွေရဲ့ ကျင့်ဝတ် ဖောက်ဖျက်မှုတွေကို နစ်နာသူကိုယ်တိုင် မြန်မာနိုင်ငံ သတင်း
မီဒီယာကောင်စီကိုဖြစ်စေ၊ သက်ဆိုင်ရာ တရားရုံးကိုဖြစ်စေ တိုင်ကြား/တရားစွဲဆို ဆောင်
ရွက်နိုင်တယ်လို့ သိရပါတယ်။

image