စျေးနှုန်းကန့်သတ်ချက်ကို ထောက်ခံသည့် နိုင်ငံများသို့ ရုရှားက ရေနံတင်ပို့မည်မဟုတ်
ရုရှားနိုင်ငံအနေဖြင့် ရေနံ၏ အမြင့်ဆုံးစျေးနှုန်းကန့်သတ်ချက်များ သတ်မှတ်သည့် “စျေးကွက်စီးပွားရေးအယူအဆကိုဆန့်ကျင်သည့်အစီအမံများ” ကို ထောက်ခံသော နိုင်ငံများထံသို့ ရေနံတင်ပို့ရောင်းချသွားမည် မဟုတ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ရူဒန်ကို က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
စွမ်းအင်စျေးကွက်တွင် လောင်စာဆီပြတ်လပ်မှုနှင့် စျေးနှုန်းမြင့်တက်မှုများကြောင့် မတည်မငြိမ်ဖြစ်နေချိန်တွင် ဂျပန်အစိုးရသည် ရုရှားမှထွက်ရှိသော ရေနံအပေါ် အမြင့်ဆုံးစျေးနှုန်း ကို ကန့်သတ်ရန် ကတိကဝတ်ပြုထားကြောင်း၊ ယင်း လုပ်ဆောင်ချက်မှာ ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေသည့် လုပ်ရပ်ဖြစ်ကြောင်း ရူဒန်ကိုက Izvestia နေ့စဉ်သတင်းစာသို့ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အကြိမ်ကြိမ် ပြောကြားခဲ့ပြီးတဲ့အတိုင်း၊ ဒီလို ရန်စတဲ့ လုပ်ရပ်တွေကို ထောက်ခံတဲ့ နိုင်ငံတွေဆီကို ရုရှားက ရေနံတင်ပို့မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ နိုင်ငံခြားတိုင်းပြည်များမှ ရေနံဝယ်ယူရန် တရားဝင်လျှောက်ထားမှုများကို အကဲဖြတ်ရာတွင် ရုရှားဖက်ဒရေးရှင်း၏ နိုင်ငံတော်စီးပွားရေး ကို ဦးစားပေးမှုများနှင့် သက်ဆိုင်ရာနိုင်ငံနှင့် ရှိထားသော နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများအပေါ်တွင်သာ မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရုရှားရေနံအပေါ် ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့မှုအတွက် စျေးနှုန်းကန့်သတ်ချက်ကို ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ဥရောပသမဂ္ဂ၊ G7 နိုင်ငံများနှင့် သြစတြေးလျတို့က စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါလုပ်ထုံးလုပ်နည်းအရ ရုရှားရေနံစျေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ အောက်ရှိမှသာ ပါဝင်သည့်နိုင်ငံများရှိ ကုမ္ပဏီများက သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် အာမခံပေးခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိမည် ဖြစ်သည်။
Ref: ဆင်ဟွာ