ဆွီဒင်၊ ချက်၊ တူရကီတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာသလို ဘော့စနီးယားကို ရှုံးနိမ့်ကာ သုံးကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲကျလာတဲ့ အီတလီ
====================
အီတလီဟာ ကမ္ဘာ့ဖလားပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဘော့စနီးယားကို ရှုံးနိမ့်ကာ သုံးကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးလာပါတယ်။

အင်္ဂါနေ့တုန်းက ပလေးအော့ဖ်ဗိုလ်လုပွဲအပြီးမှာတော့ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ ဥရောပတိုက်ကိုယ်စားပြု အသင်း ၁၆ သင်းလုံး ထွက်ပေါ်လာခဲ့ပါတယ်။

အင်္ဂါနေ့ညက ဥရောပတိုက်ပလေးအော့ဖ်ဗိုလ်လုပွဲ ၄ ပွဲကစားခဲ့တာလည်း ဖြစ်ပါတယ်။

အီတလီဟာ ပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဘော့စနီးယားနှင့် အချိန်ပိုအထိ ၁ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်မှာ တစ်ဂိုးတည်းသာ ဝင်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့တာပါ။

ပီအိုအက်စ်ပိုဆီတိုရဲ့ ပင်နယ်တီကန်ချက်က အပေါ်ထောင်သွားသလို ဘရိုင်ယန်ခရစ္စတန်တီရဲ့ ကန်ချက်ကလည်း တိုင်ထိသွားကာ ဂတ်တူဆိုရဲ့ အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပါတယ်။

တဖက်တွင် ချက်ကလည်း ပလေးအော့ဖ်ဗိုလ်လုပွဲတွင် အချိန်ပိုအထိ ၂ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် ဒိန်းမတ်ကို အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။

ဒိန်းမတ်ဟာ ဟွိုင်းလန်းရဲ့ ပင်နယ်တီကန်ချက် တိုင်ထိသွားသလို မားသီးယပ်စ်ဂျန်ဆင်ရဲ့ ကန်ချက်ကလည်း အပေါ်ထောင်သွားမှုနှင့်အတူ ပင်နယ်တီ ၄ ကြိမ်တွင် ၃ ကြိမ် လွဲခဲ့ပါတယ်။

တဖက်တွင် ဆွီဒင်ကတော့ ဗစ်တာယိုကီရေးစ်ရဲ့ ၈၇ မိနစ် အနိုင်ဂိုးဖြင့် ရောဘတ်လီဝန်ဒေါ့စကီးရဲ့ပိုလန်ကို ၃-၂ ဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာပါတယ်။

တူရကီကလည်း ကိုဆိုဗိုကို ၁-၀ ဖြင့် အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်လာပါတယ်။

အီတလီဟာ ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ဖူးပြီး ယခုအခါ ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် လွဲချော်လာပြီလည်း ဖြစ်ပါတယ်။

တဖက်တွင် ဂရေဟမ်ပေါ်တာဦးဆောင်တဲ့ ဆွီဒင်ကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာမှုနှင့်အတူ ကမ္ဘာ့ဖလားအုပ်စု(စ)တွင် နယ်သာလန်၊ ဂျပန်၊ တူနီးရှားတို့နှင့် ကစားလာရပါမယ်။

တူရကီကလည်း ကမ္ဘာ့ဖလားအုပ်စု(ဃ)တွင် အမေရိကန်၊ ပါရာဂွေး။ ဩစတြီးယားတို့နှင့် ကစားရပါမယ်။

ဘော့စနီးယားမှာလည်း ကမ္ဘာ့ဖလားအုပ်စု(ခ)တွင် ကျရောက်လာကာ ကနေဒါ၊ ဆွစ်ဇာလန်၊ ကာတာတို့နှင့် ကစားရပါမယ်။

ချက်မှာလည်း ကမ္ဘာ့ဖလားအုပ်စု(က)တွင် တောင်ကိုရီးယား၊ တောင်အာဖရိက၊ မက္ကဆီကိုတို့နှင့် ကစားရပါမယ်။

image