ချော်လဲကာ ခေါင်းထိခိုက်ပြီးနောက် ဆေးရုံသို့ အရေးပေါ် ပို့ခဲ့ရတဲ့ တူရကီယူ-၂၁ နည်းပြ
====================
တူရကီယူ-၂၁ အသင်းနည်းပြအီဂီမန်းကော့ခ်မက်ဇ်ဟာ ပွဲအတွင်း မတော်တဆချော်လဲကျပြီးနောက် ဆေးရုံသို့ အရေးပေါ် တက်ရောက်ခဲ့ရပါတယ်။
အသက် ၄၃ နှစ်ရှိ ကော့ခ်မက်ဇ်ဟာ အင်္ဂါနေ့တုန်းက ခရိုအေးရှားနှင့် ကစားတဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၃၅ မိနစ်တွင် မတော်တဆချော်လဲကျခဲ့တာပါ။
သူဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အား စိတ်ပျက်လက်ပျက်ဖြစ်ပြီးနောက် အရန်ခုံသို့ လျှောက်လာစဉ် မတော်တဆလျှော်လဲကျကာ ခေါင်းကို ထိခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အထက်ပါ အဖြစ်အပျက်ကို ရုပ်သံကင်မရာက ရိုက်ကူးထားနိုင်ခြင်း မရှိပေမယ့်လည်း ကစားသမားများ၊ နည်းပြအဖွဲ့ဝင်တို့ဟာ နည်းပြကော့ခ်မက်ဇ်အပေါ် အလွန်အမင်းစိုးရိမ်နေကြဟန်တူပါတယ်။
ယင်းနောက် အရေးပေါ် လူနာတင်ယာဉ် ရောက်လာပြီးနောက် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။
အထက်ပါ အဖြစ်အပျက်ကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရပြီး ကစားသမားများ အဝတ်အစားလဲခန်းသို့ ဝင်ခဲ့ရပါတယ်။ ယင်းပွဲတွင် ပထမပိုင်းအား အချိန်ပို ၁၂ မိနစ်အထိ ကစားခဲ့ရပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာမှုအရ ကော့ခ်မက်ဇ်မှာ ချော်လဲကာ ခေါင်းကို ထိမိပြီးနောက် ခေါင်းမူးဝေနေခဲ့ကြောင်း၊ စစ်ဆေးမှုများ ပြုလုပ်ရန် ဆေးရုံသို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရပါတယ်။
မနေ့ညက ယူရိုယူ-၂၁ ခြေစစ်ပွဲစဉ်တွင် ခရိုအေးရှားက တူရကီကို ၃-၀ ဂိုးဖြင့်အနိုင်ရရှိသွားပါတယ်။
ခရိုအေးရှားက ၁၃ မှတ်ဖြင့် အုပ်စုကို ဦးဆောင်နေပြီး တူရကီက ၁၁ မှတ်ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။