ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူသူများအတွက် ယာယီနေထိုင်ခွင့် ဧပြီ ၂ ရက်မှ စတင်ထုတ်ပေးမည်
အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်ဖြင့် ယခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ရောင်းချပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာအိမ်ရာရှိ အခန်းများအတွက် ယာယီနေထိုင်ခွင့်ကို ဧပြီ ၂ ရက်မှ စတင်ထုတ်ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ယာယီနေထိုင်ခွင့် ထုတ်ပေးရာတွင် ရိုးမရိပ်သာအိမ်ရာ တိုက်အမှတ် (၄၈) နှင့် (၅၁)ရှိ အခန်းဝယ်ယူခွင့်ရရှိထားသူများကို ဦးစားပေး၍ ယာယီနေထိုင်ခွင့် အကြောင်းကြားစာများ ထုတ်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အကြောင်းကြားစာများကို ဧပြီ ၂ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အမှတ် (၂၂၈/၂၃၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရုံးတွင် ရုံးချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်သည်။
ယာယီနေထိုင်ခွင့် အကြောင်းကြားစာကို ကိုယ်တိုင်ထုတ်ယူလိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူတို့ကို တင်ပြရမည်ဖြစ်သည်။
ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာ မူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်တို့၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့် မိတ္တူများနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ယခုစီမံကိန်းသည် အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။