နွေရာသီတွင် ချဲလ်ဆီးမှ ထွက်ခွာလာနိုင်ကြောင်း ကူကူရယ်လာ ဖွင့်ဟလာ
====================
မာ့ခ်ကူကူရယ်လာက ဘာစီလိုနာသို့ ပြန်ရေးကို ငြင်းဆိုလာခြင်း မရှိဘဲ နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာနိုင်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

ချဲလ်ဆီးဟာ နည်းပြအန်ဇိုမာရက်စ်ကာအား ထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ်လီယမ်ရိုဆင်နီယာလက်အောက်တွင် ရလဒ်မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရပါတယ်။

ယင်းသို့ အခြေအနေတွင် ချဲလ်ဆီးမှ စတားကစားသမားအချို့တို့ဟာလည်း နွေရာသီတွင် အသင်းပြောင်းရေး အလေးအနက်ထား စဉ်းစားနေကြပါတယ်။

ကိုးလ်ပါလ်မာမှာ အနောက်လန်ဒန်တွင် မပျော်မရွှင်ဖြစ်နေပြီး ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ ယူနိုက်တက်သို့ ပြောင်းရေး တံခါးဖွင့်ပေးထားပါတယ်။

ဒါ့အပြင် အန်ဇိုဖာနန်ဒက်ဇ်မှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းခံရပြီးနောက် အသင်းပြောင်းရေး စိတ်ဝင်စားနေပါတယ်။

ယခုအခါ အသက် ၂၇ နှစ်ရှိ ကူကူရယ်လာကလည်း နွေရာသီတွင် ဘာစီလိုနာကို ပယ်ချရေး ခက်ခဲနေကြောင်း ဖွင့်ဟလာပြန်ပါတယ်။

နောက်တန်းအစွန်လူဟာ ၂၀၁၂ ခုနှစ်တွင် ဘာစီလိုနာအကယ်ဒမီသို့ ရောက်လာပြီးနောက် ရှစ်နှစ်တိုင်တိုင် ကစားခဲ့ပါတယ်။

ကူကူရယ်လာက "ဘာဖြစ်လာမလဲ ကြည့်ရမယ်။ အခြေအနေမြင့်တက်လာမယ်ဆိုရင်တော့ ပယ်ချဖို့ ခက်တယ်။ ဒါပေမမယ့် အဆုံးမှာ ကျွန်တော်ပဲ ဆုံးဖြတ်ရပါမယ်။ ကျွန်တော်ပဲ သီးသန့်မဟုတ်ပါဘူး။ မိသားစုကိုလည်း တွေးရမယ်။ အားလုံးအတူတကွ အကောင်းဆုံးဖြစ်မယ့်အရာကို ဆုံးဖြတ်ပါမယ်။ အရင်တုန်းက ကျွန်တော် ပြောခဲ့သလိုပဲ အခု ဒါနဲ့ပတ်သက်ပြီး မစဉ်းစားပါဘူး။ ဖြစ်လာစရာရှိရင် ဖြစ်လာလိမ့်မယ်။ ပြီးတော့မှ ဘယ်လို ဆုံးဖြတ်မလဲ ကြည့်ရမယ်"လို့ ပြောကြားသွားပါတယ်။

ကူကူရယ်လာဟာ ချဲလ်ဆီးနှင့် ၂၀၂၈ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ယခုရာသီအစောပိုင်းတုန်းက လုပ်ခတိုးမြှင့်ကာ စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးခဲ့ပေမယ့် ယခုတိုင် ဖြစ်ပေါ်လာခြင်း မရှိပါဘူး။

image