မော်ရိုကိုနှင့် စပိန်အကြား ပြတ်သားစွာ ရွေးချယ်လာတဲ့ ရီးရဲလ်မက်ဒရစ်လူငယ်ပါရမီရှင်ပီတာ့ချ်
===================
ရီးရဲလ်မက်ဒရစ်ပါရမီရှင်အလယ်တန်းကစားသမားတီယာဂိုပီတာ့ချ်ဟာ စပိန်နှင့် မော်ရိုကိုတို့အကြား ဘယ်နိုင်ငံအသင်းအတွက် ကစားမလဲဆိုတာ ပြတ်သားစွာ ရွေးချယ်လာပြီ ဖြစ်ပါတယ်။
ပီတာ့ချ်ဟာ မက်ဒရစ်တွင် မွေးဖွားသူ ဖြစ်ပြီး ဒေသတွင်း အကယ်ဒမီများတွင် ကျင်လည်ပြီးနောက် ရီးရဲလ်မက်ဒရစ်အကယ်ဒမီသို့ ရောက်လာသူ ဖြစ်ပါတယ်။
သူဟာ စပိန်နိုင်ငံသားပတ်စ်ပို့ရော မော်ရိုကိုနိုင်ငံသားပတ်စ်ပို့ပါ ကိုင်ဆောင်ထားရာ နှစ်နိုင်ငံစလုံးအတွက် ကစားခွင့်ရှိနေပါတယ်။
သူဟာ စပိန်လူငယ်အသင်းများတွင် ကစားလာသူ ဖြစ်ပြီး ယူ-၁၉ နှင့် ယူ-၂၀ တို့အတွက် ကစားခဲ့သလို ၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ပါဝင်ကစားခဲ့ပါတယ်။
သူဟာ စပိန်လူငယ်အသင်းများတွင် ကစားထားပေမယ့်လည်း စပိန်စီနီယာအသင်းအတွက် ကစားခွင့် မရှိသေးမှုနှင့်အတူ မော်ရိုကိုကလည်း လက်ရွေးစင်အသင်းအတွက် ကစားရေး ဆွဲဆောင်နေပါတယ်။
ပီတာ့ချ်ရဲ့ ရီးရဲလ်မက်ဒရစ်ကစားဖော်ဘရာဟမ်ဒီယာ့ဇ်မှာ စပိန်လူငယ်အသင်းများတွင် ကစားပြီးမှ မော်ရိုကိုအသင်းအတွက် ကစားရန် ရွေးချယ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ပီတာ့ချ်ဟာ စပိန်နိုင်ငံတွင် ကြီးပြင်း စပိန်ဘောလုံးလောကတွင် ကျင်လည်လာသူ ဖြစ်ပြီး စပိန်လက်ရွေးစင်အတွက်သာ ကစားလိုကြောင်း အသိပေးမှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။
မကြာသေးမီတုန်းက စပိန်ယူ-၂၁ တွင် ရွေးချယ်ခံလာရပြီးနောက် ပီတာ့ချ်က "ကျွန်တော့်အိပ်မက်လား။ စီနီယာအသင်းအတွက် ပထမဆုံးပွဲကစားခွင့်ရဖို့နဲ့ ဆုဖလားတွေ ရယူဖို့ပါ။ ထိပ်တန်းအဆင့်သို့ ရောက်လိုတဲ့အတွက် ဒီနေရာမှာ ရှိနေတာပါ။ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားသွားမယ်"လို့ ပြောကြားသွားပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ပီတာ့ချ်ဟာ ဘာနေဗျူးတွင် မန်စီးတီးကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အတွက် ပထမဆုံးပွဲထွက်ကစားခွင့် ရပြီးနောက် အရေးပါတဲ့ ကစားသမားအဖြစ် တောက်လျှောက်ကစားခွင့်ရလာသူ ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်အလယ်တန်းကစားသမားများ ဒဏ်ရာရရှိနေချိန်တွင် ချိန်သားကိုက်ဆိုသလို အာဘီလိုအာရဲ့အသင်းတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ကစားခွင့်ရလာတာလည်း ဖြစ်ပါတယ်။