စက်သုံးဆီအားစနစ်သစ်ဖြင့်ရောင်းချချိန်တွင် ကားနှင့် ဆိုင်ကယ်စီးရေသိန်းချီလျော့ကျသွား

စက်သုံးဆီဝယ်ယူရာ၌ QR စနစ်အသုံးပြုနေသည့် မြို့ကြီး(၄)မြို့တွင် စနစ်ဟောင်းဖြင့်ရောင်းရာမှ မတ် ၂၇ ရက်မှစတင်၍ Bar Code/QR Code စနစ်သစ်ဖြင့်ရောင်းချခဲ့ရာ စက်သုံးဆီဝယ်ယူသည့် ကားနှင့်ဆိုင်ကယ်စီးရေသိန်းချီလျော့ကျသွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

မတ် ၂၅ ရက်တွင် ဆိုင်ကယ်/သုံးဘီး (၁၈၉,၉၀၇) စီး၊ ကား(၁၃၈,၁၅၇)စီး စက်သုံးဆီဖြည့်တင်းခဲ့ပြီး မတ် ၂၇ ရက်စနစ်သစ်စတင်ချိန်တွင် ဆိုင်ကယ်/သုံးဘီး (၁၄၉,၆၉၀)စီး၊ ကား(၁၀၅,၃၄၅စီးလျော့ကျသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ် ၂၆ ရက်တွင် ဆိုင်ကယ်/သုံးဘီး (၁၈၄,၂၈၄)စီး၊ ကား(၁၁၃,၀၂၈)စီးစက်သုံးဆီဖြည့် တင်းခဲ့ကြကာ မတ် ၂၈ ရက်တွင် ဆိုင်ကယ်/သုံးဘီး (၁၆၅,၃၇၁)စီး၊ ကား(၁၀၇,၉၆၅)စီးသို့လျော့ကျသွားခဲ့ကြောင်း သိရသည်။

ထို့အတူ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံးစက်ပစ္စည်းများအတွက် သက်ဆိုင်ရာတိုင်း/ပြည်နယ်အစိုးရအဖွဲ့၏ သတ်မှတ်ပေးထားသော စက်သုံးဆီအရောင်းဆိုင်များတွင်ထောက်ခံချက်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းတိုးမြင့်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များသည် ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့ဆိုင်များသည် Scan မဖတ်ဘဲရောင်းချပေးနေခြင်း၊ Taxi များသည်ခွဲတမ်းပိုမိုရရှိမှုကိုအခွင့်ကောင်းယူ၍ မသမာမှုများပြုလုပ်လာခြင်းတို့ကြောင့် ဖွင့်လှစ်ရောင်းချနေသည့်အရောင်းဆိုင်များတွင် ယာဉ်များတန်းစီမှုပိုများလာသည်ကို စစ်ဆေးတွေ့ရှိရသည်ဟုလည်း စွမ်းအင်ဝန်ကြီးဌာနကအသိပေးထားကြောင်း သိရသည်။

image