FBI ညွှန်ကြားရေးမှူး၏ အီးမေးလ်က်ု အီရန်ဟက်ကာများ ဖောက်ထွင်းဝင်ရောက်

အီရန်ကျောထောက်နောက်ခံပြု ဟက်ကာများက FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် (Kash Patel) ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အီးမေးလ်များကို ဖောက်ထွင်းဝင်ရောက်ခဲ့သည်။

"Handala Hack Team" ဟု လူသိများသော ကွန်ပျူတာဟက်ကာအဖွဲ့တစ်ဖွဲ့သည် ပါတေးလ်၏ ကိုယ်ရေးမှတ်တမ်းနှင့် ဓာတ်ပုံများကို သောကြာနေ့တွင် ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် မျှဝေခဲ့ပြီး "ဒါဟာ ကျွန်ုပ်တို့ရဲ့ အစပျိုးမှုသာ ဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

FBI ကမူ ပါတေးလ်၏ အီးမေးလ်အချက်အလက်များကို ပစ်မှတ်ထားသည့် မကောင်းသော ရည်ရွယ်ချက်ရှိသည့် အဖွဲ့များ ရှိနေသည်ကို ကြိုတင်သိရှိထားကြောင်း ပြောကြားခဲ့သည်။ "ယခု သတင်းထွက်ပေါ်နေသည့် အချက်အလက်များသည် အတိတ်က အကြောင်းအရာများသာဖြစ်ပြီး အစိုးရနှင့်သက်ဆိုင်သည့် အချက်အလက်များ မပါဝင်ပါ" ဟုလည်းဆိုသည်။

Handala အဖွဲ့ဝင်များကို ဖော်ထုတ်နိုင်ရန် ကူညီပေးနိုင်သည့် သတင်းအချက်အလ၊က်များအတွက် ဒေါ်လာ ၁၀ သန်း (ပေါင် ၇.၅ သန်း) အထိ ဆုကြေးငွေ ပေးအပ်မည်ဟုလည်း FBI က ကမ်းလှမ်းထားသည်။

အီရန်ကျောထောက်နောက်ခံပြု ဟက်ကာများသည် ပါတေးလ်ကို FBI အကြီးအကဲအဖြစ် မခန့်အပ်မီ သီတင်းပတ်အနည်းငယ်အလို၊ ၂၀၂၄ ခုနှစ်အတွင်းကလည်း ၎င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်သွယ်မှုများကို ဖောက်ထွင်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ယခု သောကြာနေ့က Handala အဖွဲ့က ပြုလုပ်ခဲ့သည်ဟု ဆိုသော ဖောက်ထွင်းမှုသည် ယခင်က ဖောက်ထွင်းမှုနှင့် တူညီမှု ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပါတေးလ်၏ အီးမေးလ်အကောင့်မှ ရရှိခဲ့သည်ဟု Handala အဖွဲ့က ဆိုထားသော ဓာတ်ပုံများသည် ၎င်းတို့အဖွဲ့၏ တံဆိပ်(Logo) ကို ရေစာ(Watermark) အဖြစ် ထည့်သွင်းကာ လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

အဆိုပါ ဓာတ်ပုံများတွင် ပါတေးလ်ကို နေရာအမျိုးမျိုး၌ တွေ့ရပြီး ၎င်းတို့အထဲတွင် ရှေးဟောင်း ကားအမိုးဖွင့်တစ်စီး၏ ဘေးတွင် ရပ်နေပုံ၊ ဂျက်လေယာဉ်တစ်စီးဘေးတွင် ပြုံးနေပုံ၊ စီးကရက်နှင့် ဆေးပြင်းလိပ် သောက်နေပုံ၊ အရက်ပုလင်းတစ်လုံးဘေးတွင် Selfie ရိုက်နေပုံနှင့် စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် ဓာတ်ပုံရိုက်နေပုံများ ပါဝင်သည်။

Halcyon Ransomware သုတေသနဌာန၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ စင်သီယာ ကိုင်ဇာက သောကြာနေ့က ထွက်ပေါ်လာသည့် အချက်အလက်များသည် အတိတ်က ဖောက်ထွင်းမှုတစ်ခုမှ ဖြစ်နိုင်ခြေရှိကြောင်းပြောကြားသည်။

"အီးမေးလ်တွေက ကြည့်ရတာ တော်တော်လေး ဟောင်းနေပြီ၊ ဒါကြောင့် ဒါဟာ တခြားအဖွဲ့တွေက တခြားအချိန်ကာလတုန်းက ရရှိခဲ့တဲ့ အချက်အလက်တွေကို အခုမှ တစ်ကျော့ပြန် ထုတ်ပြတာလို့ ကျွန်မ ယုံကြည်ပါတယ်" ဟု FBI ၏ ရာဇဝတ်မှု၊ ဆိုက်ဘာ၊ တုံ့ပြန်မှုနှင့် ဝန်ဆောင်မှုဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကိုင်ဇာက ပြောသည်။

Handala အဖွဲ့ကမူ ၎င်းတို့၏ ဟက်ကာတိုက်ခိုက်မှု ထုတ်ပြန်ချက်တွင် "FBI ရဲ့ 'ဘယ်လိုမှ ထိုးဖောက်လို့မရဘူး' ဆိုတဲ့ စနစ်တွေကို ကျွန်ုပ်တို့အဖွဲ့က နာရီပိုင်းအတွင်းမှာပဲ ဒူးထောက်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်အစိုးရ ကြွားလုံးထုတ်နေတဲ့ လုံခြုံရေးလား။ ဒါဟာ ခြိမ်းခြောက်မှုတွေ၊ လာဘ်ထိုးမှုတွေနဲ့ တော်လှန်ရေးအသံတွေကို တိတ်သွားအောင် လုပ်နိုင်မယ်လို့ ထင်နေတဲ့ ဆိုက်ဘာဘီလူးကြီးလား" ဟု ရေးသားထားသည်။

ကျွမ်းကျင်သူများကမူ ယခုကဲ့သို့ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးအပေါ် လုပ်ဆောင်သည့် စစ်ဆင်ရေးမျိုး အောင်မြင်ရန်အတွက် အလွန်အမင်း ခေတ်မီဆန်းသစ်သော နည်းပညာများ မလိုအပ်နိုင်ကြောင်း ပြောဆိုကြသည်။

"ပုဂ္ဂိုလ်ရေးဆိုင်ရာ အကောင့်တွေဟာ အစိုးရစနစ်တွေလိုမျိုး ကာကွယ်မှုနဲ့ သတိပေးစနစ်တွေ အားမကောင်းတဲ့အတွက် ဟက်ကာတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပစ်မှတ်တွေ ဖြစ်နေတတ်ပါတယ်" ဟု ဝစ္စကွန်ဆင်တက္ကသိုလ်မှ အမျိုးသားလုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေ့ဗ် ရှရိုဒါ က ပြောသည်။

"Handala အဖွဲ့ဟာ နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ဟက်ခ်လုပ်နိုင်ခဲ့တယ်လို့ ကြွေးကြော်ရတာဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဖြစ်တာကြောင့် ဒီလိုမျိုး ဝင်ရောက်ခွင့်ရဖို့ အမြဲတမ်း ကြိုးစားနေတာပါ" ဟု ရှရိုဒါက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် တရားရေးဝန်ကြီးဌာနသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံနှင့် ဆက်နွယ်သည့် ဟက်ကာအစီအစဉ်များတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုသော Handala ၏ ဒိုမိန်းအမည်(Domain Names) အများအပြားကို သိမ်းဆည်းခဲ့သည်။

image