ကလေး ၁၁၀ ဦးအပါအဝင် လူ ၁၆၈ ဦးသေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအား အီရန်အသင်း ဆန္ဒပြလာ
=======================
အီရန်လက်ရွေးစင်အသင်းဟာ အီရန်စစ်ပွဲ ပထမဆုံးနေ့တွင် လူပေါင်းတစ်ရာကျော် သေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ မူကြိုကျောင်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအား ဆန္ဒပြမှု ပြုလုပ်လာပါတယ်။

အီရန်အသင်းဟာ နိုင်ဂျီးရီးယားနှင့်ကစားတဲ့ ခြေစမ်းပွဲစဉ်မတိုင်မီ နိုင်ငံတော်သီချင်းသီဆိုစဉ် လက်ပတ်အနက်ရောင် ပတ်၊ ကျောင်းလွယ်အိတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက Shajareh Tayyebeh ကျောင်းအား တိုက်ခိုက်မှုကြောင့် ကလေး ၁၁၀ ဦးအပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ကြောင်း အီရန်တာဝန်ရှိသူများက ဆိုထားပါတယ်။

အမေရိကန်မီဒီယာများက အီရန်တောင်ပိုင်း မီနက်မြို့ရှိ စာသင်ကျောင်းကို မရည်ရွယ်ဘဲ တိုက်ခိုက်ခဲ့မှုအတွက် တာဝန်ရှိနေတယ်လို့ အမေရိကန်စစ်ဘက်စုံစမ်းစစ်ဆေးရေးအဖွဲ့က ယုံကြည်နေကြောင်း ဖော်ပြခဲ့ကြပါတယ်။

ယူအန်လူ့အခွင့်အရေးအကြီးအကဲကလည်း အမေရိကန်အနေဖြင့် ယင်းဖြစ်ရပ်အား အလုံးစုံစုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး လူသိရှင်ကြား ချပြရန် တိုက်တွန်းထားပါတယ်။

တူရကီကမ်းခြေဘီလက်တွင် ကစားတဲ့ နိုင်ဂျီးရီးယားနှင့်ခြေစမ်းပွဲစဉ်မတိုင်မီမှာတော့ ပေါ်တိုနှင့် အင်တာမီလန်တိုက်စစ်မှူးဟောင်းမီဒီတာရီမီအပါအဝင် အီရန်ကစားသမားများဟာ လည်စင်းပါဝင်တဲ့ ပန်းရောင်၊ ခရမ်းရောင်အိတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။

အီရန်အာဏာပိုင်တို့က အမေရိကန်နှင့် အစ္စရေးတို့မှာ အီရန်တော်လှန်ရေးအစောင့်တပ်တည်နေရာလို့ ယူဆကာ စာသင်ကျောင်းအား မှားယွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်အတွက် အပြည့်အဝ တာဝန်ယူရမယ်လို့ ဆိုထားပါတယ်။

အီရန်ဟာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပေမယ့်လည်း ပါဝင်ယှဉ်ပြိုင်ရေး မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

၎င်းတို့ဟာ နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်တို့နှင့် အုပ်စုပွဲအားလုံးကို အမေရိကန်တွင် ကစားရမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ကိုယ့်အသက်နှင့် လုံခြုံရေးအတွက် ကမ္ဘာ့ဖလားတွင် မပါဝင်သင့်ကြောင်း ဆိုထားပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနတို့ကလည်း အီရန်အသင်းမှာ အမေရိကန်သို့ သွားရောက်ကာ ၄ ကြိမ်ဆက် ကမ္ဘာ့ဖလားကစားလာမည်မဟုတ်ကြောင်း ကြေညာထားပါတယ်။

အီရန်အသင်းဟာ နိုင်ဂျီးရီးယားနှင့်ခြေစမ်းပွဲတွင် ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပြီး အင်္ဂါနေ့တွင် တူရကီတွင်ပင် ကော့စတာရီကာနှင့်ခြေစမ်းပွဲ ကစားသွားပါမယ်။

ယခုလအစောပိုင်းတုန်းက အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဟာ အာရှဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် နိုင်ငံတော်သီချင်း မသီဆိုဘဲ ဆန္ဒပြမှုကြောင့် နိုင်ငံတော်သစ္စာဖောက်များအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အီရန်အမျိုးသမီးအသင်းမှ အဖွဲ့ဝင် ၈ ဦးတို့ဟာ အီရန်သို့ ပြန်ချိန်တွင် ကွပ်မျက်ခြင်း၊ ထောင်ချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းခံရနိုင်မှုကြောင့် ဩစတြေးလျနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် ရယူခဲ့ကြပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ မိသားစုဝင်များရဲ့ လုံခြုံရေးအခြေအနေများကြောင့် နိုင်ငံရေးခိုလှုံခွင့်ရယူထားမှုအား ရုတ်သိမ်းကာ အီရန်သို့ ပြန်ခဲ့ကြပါတယ်။

image