စက်သုံးဆီကန့်သတ်ချက်ကြောင့် YBS စီးနင်းသည့်ခရီးသည် ယခင်ကထက် (၂)သိန်းခွဲကျော်ရှိလာ
ဒီဇယ်အသုံးပြု YBS ယာဉ်(၄၂၃)စီး ခေါက်ရေပြည့်ပြေးဆွဲနိုင်ရန် ညအချိန်စက်သုံးဆီဖြည့်သွင်းနိုင်
စက်သုံးဆီကန့်သတ်ချက်ကြောင့် အိမ်စီးကားများအား စုံ/မ ခွဲခြားလိုက်ချိန်တွင် YBS စီးနင်းသည့် ခရီးသည်များ ယခင်ကထက် (၂)သိန်းခွဲကျော်ရှိလာသည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောသည်။
မတ် ၂၆ ရက်နေ့လည် ၃ နာရီက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ YRTC ရုံး၌ "CNG အသုံးပြု YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းမောင်းနှင်ရန်နှင့်ဖောက်ဖျက်ပါကအရေးယူမည့်အကြောင်း"နှင့်ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
မတ်လဆန်းပိုင်းတွင် ယာဥ်လိုင်း(၁၃၂)လိုင်း၊ ယာဉ်စီးရေ(၃၄၀၀)စီးခန့်၊ ခရီးသည်(၁ ဒသမ ၄၆)သန်းခန့်ရှိရာမှ ယခုအချိန်တွင် စက်သုံးဆီကန့်သတ်ချက်ကြောင့် စုံ/မခွဲခြားချိန်၌ ယာဉ်လိုင်းပေါင်း(၁၃၂)လိုင်း၊ ယာဉ်စီးရေ (၃၅၀၀)စီးခန့်၊ ခရီးသည်(၁ ဒသမ ၇)သန်းခန့်ရှိလာခဲ့ပြီဖြစ်ရာ ယခင်ထက် ခရီးသည်(၂)သိန်းခွဲကျော်စီးနင်း လာခြင်းကိုတွေ့ရသည်ဟု ပြောသည်။
ထို့ပြင် YRTC ကြီးကြပ်မှုအောက်၌ YBS ယာဉ်လိုင်းကု မ္ပဏီ(၂၁)ခု၊ ယာဉ်လိုင်း(၁၄၅)လိုင်း၊ ယာဉ်စီးရေ (၅,၄၃၈)စီးရှိပြီး CNG အသုံးပြု YBS ယာဉ်(၅,၀၁၃)စီး၊ ဒီဇယ်အသုံးပြု YBS ယာဉ်(၄၂၃)စီးရှိ၍ ဒီဇယ်အသုံး ပြု YBS ယာဉ်များအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တစ်နေ့လျှင် ဒီဇယ်(၄၀)လီတာဝယ် ယူဖြည့်သွင်းခွင့်ပြုခဲ့သည်ဟု ပြောသည်။
" နေ့စဥ် ဒီဇယ်(၂၀)လီတာတန်းစီဝယ်ယူနေရာကနေ (၂၀)လီတာထပ်တိုးပြီး နေ့စဉ်(၄၀)လီတာကို ညပိုင်းမှာဆီဖြည့်ပြီး ခေါက်ရေပြည့်မှီအောင်ပြေးဆွဲနိုင်ဖို့ စီစဉ်ပေးတာကြောင့် ခရီးသွားတွေအတွက် ယာဉ်ထွက်စီးရေ တိုးတက်လာမှာဖြစ်ပါတယ်"ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောသည်။
ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ညွှန်ကြားချက်အရ YBS ယာဉ်ထွက်အင်အားတိုးတက်ရေးအတွက် CNG သုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းပြေးဆွဲခြင်းမရှိဘဲ ကြို/ပို့ပြုလုပ်ပါက CNG ပိတ်သိမ်းအရေးယူသွားမည်ဟုလည်း YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ရှင်းလင်းပြောကြားခဲ့သည်။