တပ်မတော်သည် နိုင်ငံ့အရေးအတွက်အမြဲအသင့်ရှိနေမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
တပ်မတော်သည် နိုင်ငံ့အရေးအတွက်အမြဲအသင့်ရှိနေမည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၂၇ ရက်တွင်ကျရောက်သည့် (၈၁)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ခိုင်မာသည့်အစိုးရတစ်ရပ်ပေါ်ပေါက်ပြီး နိုင်ငံရေးခရီးလမ်း၌ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်သည်အထိ ဆောင်ရွက်ပေးမည်ဖြစ်ကာ တပ်မတော်အနေဖြင့်လည်း နိုင်ငံ့အရေးအတွက်အမြဲအသင့်ရှိနေမည်ဟု ပြောသည်။
" အခုချိန်မှာ ရွေးကောက်ပွဲကြီးကတစ်ဆင့် ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေထွက်ပေါ်ခဲ့ပြီး လွှတ်တော်အသီးသီးရဲ့အစည်းအဝေးတွေစတင်ကျင်းပနေပြီဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် ပြည်သူတစ်ဦးချင်းစီမှ စက်ခလုတ်နှိပ်ပြီးပေးခဲ့ကြသည် မဲတစ်မဲစီသည် ပြည်သူတစ်ဦးချင်းစီ၏ ဦးနှောက်နှင့်နှလုံးသားများဖြစ်၍ ပေါ် ထွက်လာခဲ့သော ပြည်သူ့ကိုယ်စားလှယ်များမှလည်း နိုင်ငံ့အရေးကို အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိနှင့် အလေးအနက်ထားကြိုးပမ်းထမ်းရွက်ရန်လိုသည်ဟု မှာကြားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်ပြီး နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေခြင်းဖြစ်ကာ ဖက်ဒရယ်စနစ်သည် လူပုဂ္ဂိုလ်၊ လူမျိုးအတွက်ရည်ညွှန်းခြင်းမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေတစ်ခုအပေါ် ရည်ညွှန်းဆောင်ရွက်ခြင်းဖြစ်ရာ မြန်မာနိုင်ငံနှင့်ကိုက်ညီသော ဒေသကိုအခြေခံသော ဖက်ဒရယ်စနစ်ကိုကျင့်သုံးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။