3 ပတ် - ဘာသာပြန်ပါ။

ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားရေး တံခါးဖွင့်ပေးလာတဲ့ ရိုဒရီ
=======================
မန်စီးတီးကွင်းလယ်ကစားသမားရိုဒရီဟာ အနာဂတ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားရေး တံခါးဖွင့်ပေးလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ တိုနီခရူးစ်နှင့် လူကာမိုဒရစ်ခေတ်အလွန်တွင် အားနည်းနေတဲ့ ကွင်းလယ်အား လာမယ့်‌နွေရာသီတွင် အားဖြည့်ရန် စီစဉ်နေပြီး ၎င်းတို့ရဲ့ ပစ်မှတ်ထဲတွင် ရိုဒရီလည်း ပါဝင်ပါတယ်။

စပိန်ကွင်းလယ်ကစားသမားရိုဒရီဟာ မန်စီးတီးနှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့ပြီ ဖြစ်ပြီး အသင်းတာဝန်ရှိသူများနှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးရခြင်း မရှိသေးပါဘူး။

ယခုအခါ နိုင်ငံတကာပွဲစဉ်များကာလအတွင်း Onda Cero ရေဒီယိုဌာနနှင့် ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ ရိုဒရီက လာလီဂါတွင် ပြန်ကစားရေး တံခါးဖွင့်ပေးလာပါတယ်။

အက်သလက်တီကိုကွင်းလယ်ကစားသမားဟောင်းက "စပိန်သို့ ပြန်ချင်ပါတယ်။ ကျွန်တော့်အတွက် လာလီဂါက စတင်တဲ့နေရာပါ။ အခုထိလည်း စောင့်ကြည့်တုန်းပါ။ အရင်ကလောက် လိုက်မကြည့်တာတော့ အမှန်ပါ။ ဒါပေမယ့် စောင့်ကြည့်တုန်းပါ။ ပရီးမီးယားလိဂ်က ကျွန်တော့်အားနည်းချက်ဆိုတာ ဝန်ခံရပါမယ်။ စိတ်လှုပ်ရှားဖို့ကောင်းတဲ့လိဂ်ဖြစ်ပေမယ့် တောင်းဆိုမှု အရမ်းများတယ်။ ကိုယ့်အကန့်အသတ်အဆုံးအထိ တွန်းအားပေးတယ်။ အခုဆို ဒီမှာ ကစားလာတာ ၇ နှစ်ရှိပြီ။ အချိန်တွေ ကုန်လွန်လာတာ သတိပြုမိပါတယ်။ အခုအချိန်မှာတော့ ဒီမှာ ပျော်နေတုန်းပါ"လို့ ပြောကြားသွားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက အက်သလက်တီကိုမှ မန်စီးတီးသို့ ပြောင်းလာခဲ့တဲ့ ရိုဒရီက သူ့အား ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းအပေါ် တံခါးဖွင့်ပေးထားကြောင်း ဆိုလာပါတယ်။ ဒါ့အပြင် ရိုဒရီက ၂၀၂၄ ခုနှစ် Ballon d'Or ဆုနှင့်ပတ်သက်ပြီး ဗီနီရှပ်စ်နှင့် ပြဿနာရှိနေတယ်ဆိုတဲ့သတင်းကိုလည်း ငြင်းဆိုသွားပါတယ်။

ဘရာဇီးစူပါစတားဟာ Ballon d'Or မရရှိကြောင်း သိရပြီးနောက် ယင်းနှစ်ဆုပေးပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

ယင်းနောက်ပိုင်းတွင် မန်စီးတီးပရိသတ်များက ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ရိုဒရီ ဆုတံဆိပ်အား ကိုင်မြှောက်နေတဲ့ပုံဖြင့် 'Stop Crying Your Heart Out' ဆိုတဲ့စာသားဖြင့် လှောင်ပြောင်ခဲ့ကြပါတယ်။

ယင်းအပေါ် ရိုဒရီက "သူတို့ ကျွန်တော်တို့ကို တစ်ယောက်အပေါ် တစ်ယောက် တင်းမာတာမျိုး ဖြစ်စေချင်တယ်။ ဒါပေမယ့် ကျွန်တော်က ဗီနီရှပ်စ်အပေါ် လေးစားအားကျတဲ့သူပါ။ ကျွန်တော့်အတွက်တော့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေကို မငြင်းနိုင်ပါတယ်။ သူတို့က ပရိသတ်အင်အားအပြည့်အဝရှိတယ်။ ဘာနေဗျူးကွင်းကလည်း တကယ့်ကို ကောင်းတဲ့ကွင်းကြီးအဖြစ် အမြဲရှိနေတာပါ။ ကျွန်တော့်စာချုပ်တစ်နှစ်ကျန်သေးတယ်။ အချိန်ရောက်လာရင်တော့ ဆွေးနွေးပါမယ်။ အခု ဒဏ်ရာကနေ ပြန်ကောင်းလာနေပါပြီ။ အခု ကျွန်တော် စိုးရိမ်တာက အရင်တုန်းက အကောင်းဆုံးအဆင့် ပြန်ရဖို့ပါ။ စာချုပ်ကိစ္စပြဿနာ မရှိပါဘူး။ အချိန်ရောက်လာမှာပါ။ အထူးသဖြင့် ကမ္ဘာ့ဖလားရောက်လာတော့မယ့်အခါမျိုးမှာ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံ ပြန်ရဖို့က အရေးအကြီးပါ"လို့ ပြောကြားသွားပါတယ်။

image