ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်ရပြီးနောက် အိုင်ယာလန်ကစားသမားတို့ ပင်နယ်တီ ကန်ချိန်တွင် ချက်ပရိသတ်များ ဥဩသံဖြင့် နှောင့်ယှက်မှုအား စုံစမ်းစစ်ဆေးရန် တောင်းဆိုလာ
======================
အိုင်ယာလန်ပရိသတ်များဟာ ကမ္ဘာ့ဖလားပလေးအော့ဖ်ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်မှု ကြုံရကာ ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်ခဲ့ရပြီးနောက် ချက်ပရိသတ်များရဲ့ အပြုအမူအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုလာပါတယ်။

အိုင်ယာလန်ဟာ ပရက်တွင် ကမ္ဘာ့ဖလားကစားခွင့် ရရှိရေး မျှော်လင့်ချက်ဖြင့် ချက်နှင့် ပလေးအော့ဖ်ကစားခဲ့ရပါတယ်။

ဟိုင်မာဟေးလ်ဂရမ်ဆင်ရဲ့အသင်းဟာ ၂၃ မိနစ်အတွင်းတွင်ပင် ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် အိမ်ရှင်က ပက်ထရစ်ချက်ခ်၊ အသင်းခေါင်းဆောင်လာဒီဆလပ်ဗ်ခရက်ခီတို့ရဲ့ ဂိုးဖြင့် ပြန်လည်ချေပခဲ့ပါတယ်။

ယင်းနောက် အနိုင်ဂိုး ရှာမတွေ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။

ချက်ဟာ ပင်နယ်တီအဆုံးအဖြတ်ကန်ချိန်မှာတော့ ပရိသတ်များက အိုင်ယာလန်ကစားသမားများအား အနှောင့်အယှက်ပေးမှုနှင့်အတူ အိမ်ရှင်အခွင့်အရေးကို အပြည့်အဝ အသုံးချသွားခဲ့ပါတယ်။

အိုင်ယာလန်ကစားသမားတို့ ပင်နယ်တီကန်တဲ့အခါတိုင်း ချက်ပရိသတ်များက ဆူညံတဲ့ ဥဩသံဖြင့် အနှောင့်အယှက်ပေးခဲ့ကြတာပါ။

အလန်ဘရောင်နီနှင့် ဖန်အဇက်ဇ်တို့ရဲ့ ပင်နယ်တီကို ချက်ဂိုးသမားမာတီကိုဗာက ကာကွယ်သွားခဲ့ပြီး ချက်တို့ ၄-၃ ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။

ဒါပေမယ့် အိုင်ယာလန်ပရိသတ်များဟာ ပင်နယ်တီအဆုံးအဖြတ်ကန်ချိန်တွင် အိုင်ယာလန်ကစားသမားများအား ချက်ပရိသတ်များက ဥဩသင့်ဖြင့် အနှောင့်အယှက်ပေးမှုအား စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ယူအီးအက်ဖ်အေကို တောင်းဆိုလာပါတယ်။

ချက်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ပလေးအော့ဖ်ဗိုလ်လုပွဲအဖြစ် ဒိန်းမတ်နှင့် ရင်ဆိုင်ကစားရပါမယ်။

အိုင်ယာလန်ကတော့ ၂၀၀၂ နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားကစားခွင့် ရရှိရေး အိပ်မက် ဆက်လက် စောင့်ဆိုင်းရဦးတော့မှာ ဖြစ်ပါတယ်။

image