ဆာလက်မှာ သမိုင်းတစ်လျှောက် အကောင်းဆုံးအကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်ကြောင်း ကလော့ပ်ချီးကျူးလာ
========================
လီဗာပူးနည်းပြဟောင်းဂျာဂင်ကလော့ပ်က မိုဟာမက်ဆာလက်မှာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်ကြောင်းနှင့် သူ့ရဲ့ လီဗာပူးစံချိန်ကို ရိုက်ချိုးရန် ခက်ခဲကြောင်း ပြောကြားလာပါတယ်။

အီဂျစ်စူပါစတားဟာ ယခုအပတ်အစောပိုင်းတုန်းက ရာသီအကုန်တွင် ကိုးနှစ်ကြာ ကစားလာခဲ့တဲ့ အန်ဖီးလ်မှ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

ကလော့ပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ဆာလက်ကို ရိုးမားမှ ပေါင် ၃၄ သန်းဖြင့် အန်ဖီးလ်သို့ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပြီး ၇ ရာသီတိုင်တိုင် လက်တွဲခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိ ဆာလက်ဟာ လီဗာပူးအတွက် ၂၅၅ ဂိုးသွင်းယူပေးထားကာ ကလပ်သမိုင်းတွင် တတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေပါတယ်။

ကလော့ပ်က "သူနဲ့ အလုပ်လုပ်ရတာ အခြားသူတွေနဲ့ အလုပ်လုပ်ရသလိုပါပဲ။ ဘောလုံးဆုံးရှုံးနိုင်တယ်၊ ကာကွယ်ရမယ်။ ဒါပေမယ့် ကြီးမားတဲ့အမြင်နဲ့ ပြောရရင် ကိန်းဂဏန်းတွေက လိုက်မီဖို့ ခက်ခဲပါတယ်။ လိုက်မီဖို့ ဆယ်နှစ်လောက် ကြိုးစားရမယ်။ အီကီတီကီပဲ ဖြစ်ဖြစ် အခြားဘယ်သူပဲ ဖြစ်ဖြစ်ပါ။ ကျော်ဖြတ်ဖို့ (ဆာလက်ရဲ့စံချိန်) အရမ်းခက်ခဲတယ်။ သူက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ" လို့ The Anfield Wrap သို့ ပြောကြားသွားပါတယ်။

ကလော့ပ်ရဲ့လက်အောက်တွင် ဆာလက်ဟာ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ ပြည်တွင်းရှုံးထွက်ဖလား ၃ လုံး၊ စူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆာလက်ဟာ လီဗာပူးတိုက်စစ်တွင် ရောဘတ်တိုဖာမီနို၊ ဆာဒေယိုမာနေးတို့နှင့် အတွဲညီညီ ကစားကာ ယင်းဆုဖလားများအား ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။

၎င်းတို့သုံးဦးဟာ ငါးရာသီ အတူတကွကစားစဉ်အတွင်း ၃၃၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ကြပါတယ်။

ဆာလက်က ၁၅၆ ဂိုးအထိ သွင်းခဲ့ကာ မာနေးထက် ၄၉ ဂိုးနှင့် ဖာမီနိုထက် ၈၁ ဂိုး ပိုသွင်းခဲ့ပါတယ်။

ဆက်လက်ပြီး ဂျာမန်လူမျိုးက "ဆာလက်က ကမ္ဘာ့အကောင်းဆုံးတိုက်စစ်သမား ၃ ဦးထဲက တစ်ဦးအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့တာပါ။ ကိန်းဂဏန်းတွေက ဒါကို ပြသနေပါတယ်။ အခြားနှစ်ဦးထက် သာတယ်လို့ ပြောဖို့ ခက်တယ်။ သူတို့အားလုံးမှာ ကိုယ်စီ ကျွမ်းကျင်ပိုင်နိုင်မှုတွေ ရှိကြတယ်။ ဒါပေမယ့် မိုကတော့ အဆုံးသတ်အခိုက်အတန့်တွေအတွက် တစ်ခုပါ။ သူက အားလုံးသူထက် ပိုလုပ်ပြချင်တယ်။ဆာဒေယိုမှာ နှစ်ခုလုံး ရှိတယ်။ ဂိုးလည်း သွင်းချင်တယ်။ ဒါပေမယ့် အလယ်တန်းမှာလည်း ကစားနိုင်တယ်။ ဘော်ဘီ(ဖာမီနို)ကတော့ ဘာကိုမှ ဂရုမစိုက်တဲ့ ဉာဏ်ကြီးရှင်ပါ။ မိုကတော့ ဂိုးသွင်းဖို့ အမြဲတမ်း စဉ်းစားနေတဲ့ သူပါ။ ဒါတွေက လေ့ကျင့်လို့လည်း မရဘူး၊ သင်ယူလို့လည်း မရဘူး။ သူ့အတွင်းထဲမှာကို ရှိနေတာ။ သူက အဲဒီလိုလူ။ ဘဝရဲ့နောက်ဆုံးအချိန်အထိ ဒီလိုပဲ ရှိနေလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။

image