တိုင်းနှင့်ပြည်နယ်များ၌ ဘောလုံးအကယ်ဒမီသင်တန်းသားများ ရွေးချယ်မည်
-------------------------
မြန်မာ့ဘောလုံးမျိုးဆက်သစ်တွေအတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ဇုန်အလိုက် ဘောလုံးအကယ်ဒမီ သင်တန်းသားအသစ်တွေကို မတ်လ(၃၁)ရက်ကနေ ဧပြီလအတွင်း ရွေးချယ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။ အောက်မြန်မာပြည်ဇုန်အဖြစ် ကရင်၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်၊ ညောင်တုန်း၊ ရန်ကုန်နဲ့ အထက်မြန်မာပြည်ဇုန် အဖြစ် နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ကလောတို့မှာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ရွေးချယ်ရာမှာ အသက်(၁၂)နှစ်အောက်၊ အသက်(၁၃)နှစ်အောက်၊ အသက်(၁၄)နှစ်အောက် အမျိုးသားတွေနဲ့ အသက်(၁၃)နှစ်အောက်၊ အသက်(၁၅)နှစ်အောက် အမျိုးသမီးတွေ ဖြစ်ပြီး ဇုန်အလိုက် ရက်သတ်မှတ်ကာ ပဏာမ ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပဏာမရွေးချယ်ခံရတဲ့သူတွေထဲက အပြီးသတ်ရွေးချယ်မှုကို အောက်မြန်မာပြည်အတွက် ရန်ကုန်မြို့မှာ မေလ (၁၆)ရက်ကနေ (၂၀)ရက်အထိနဲ့ အထက်မြန်မာပြည်အတွက် မန္တလေးမြို့မှာ မေလ(၉)ရက်ကနေ (၁၃)ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ မျိုးဆက်သစ် အမျိုးသား၊ အမျိုးသမီး ဘောလုံးကစားသမားတွေကို ဘောလုံးအကယ်ဒမီသင်တန်း ကျောင်းတွေဖြစ်တဲ့ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)နဲ့ အသစ်ဖွင့် လှစ်မဲ့ အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး)တို့အတွက် အသက်အပိုင်းအခြားလိုက် ရွေးချယ်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။