နည်းပြသစ်နှင့်အကောင်းဆုံးပြင်ဆင်လာသည့် အာဖဂန်နစ္စတန်အသင်းကို ပထမအကျော့၌အနိုင်ရထားသော်လည်း လေးလေးစားစားရင်ဆိုင်ကစားမည်
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့သည် ၂၀၂၇ ဆော်ဒီအာရေဗျ အာရှဖ လားခြေစစ်ပွဲ အုပ်စု(E)၏ အရေးပါသောပွဲစဉ်အဖြစ် မနက်ဖြန် မတ် ၂၆ ရက်ညနေ ၅ နာရီ၌ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ယှဥ်ပြိုင်သွားမည်ဖြစ်သည်။
ထို့ကြောင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ မတ် ၂၅ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်ရာ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှ အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" လက်ရှိပြင်ဆင်မှုအခြေအနေအပေါ်ကျေနပ်မှုရှိတာကြောင့် မနက်ဖြန်ကစားရမယ့်ပွဲမှာ ရလဒ်ကောင်းတစ်ခုဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကစားသ မားသစ်တွေပါဝင်နေပေမယ့် အပြောင်းအလဲအများကြီးမလုပ်ဘဲ သူတို့ကလပ်အသင်းတွေမှာကစားနေတဲ့ ပုံစံအတိုင်းအသားကျအောင် အသုံးပြုသွားမှာဖြစ်ပါတယ်။ မိမိတို့လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက်ပိုမိုကောင်းမွန်အောင် အစွမ်းကုန်ကြိုးစားသွားရမှာဖြစ်ပါတယ်"ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောသည်။
ထို့အတူ အာဖဂန်နစ္စတန်အသင်း နည်းပြချုပ် ဟိုဆေး အန်တိုနီယို နိုဂူရီရာမှလည်း " အခုပွဲစဉ်ဟာ နှစ်သင်းလုံးအတွက် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးမရှိတော့ပေမဲ့ နှစ်သင်းလုံးက အကောင်းဆုံးယှဉ်ပြိုင်ကစားကြမှာဖြစ်တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ မိမိကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာ အရှုံးရလဒ်မလိုချင်တာကြောင့် အကောင်းဆုံးပြင်ဆင်ပြီးယှဉ်ပြိုင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။
"လိဂ်ပွဲစဉ်တွေ ပြီးဆုံးကတည်းကပြင်ဆင်မှုတွေ စတင်ခဲ့ပြီး ကစားသမားအားလုံးစည်းစည်းလုံးလုံးနဲ့ လေ့ ကျင့်ခဲ့ကြပါတယ်။ မိမိကိုယုံကြည်စွာနဲ့ အသင်းခေါင်း ဆောင်တာဝန်ပေးအပ်ထားတာကြောင့် အကောင်းဆုံး ကြိုးစားပြီးအနိုင်ရရှိအောင်ကစားသွားမှာပါ"ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်နန္ဒကျော်က ပြောကြားခဲ့သည်။