ဟွန်ဆန် က လာအိုသမ္မတ ပြန်လည်ရွေးကောက်ခံမှု ကို ဂုဏ်ပြု

မတ် ၂၅ ရက်

ကမ္ဘောဒီးယားနိုင်ငံ ခေတ္တ နိုင်ငံတော်အကြီးအကဲ ဟွန်ဆန်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် သောင်လွန် ဆီဆိုလစ် ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။

ယမန်နေ့က မီဒီယာများသို့ ထုတ်ပြန်ခဲ့သည့် သဝဏ်လွှာတွင် မစ္စတာဟွန်ဆန် က လာအို အမျိုးသားလွှတ်တော်၏ (၁၀) ကြိမ်မြောက် ဥပဒေပြုလွှတ်တော် ပထမအကြိမ်ညီလာခံ၌ သမ္မတ ဆီဆိုလစ် ပြန်လည်ရွေးကောက်ခံရခြင်းကို ချီးကျူးဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါသည်။

“အခုလို သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း ကမ္ဘောဒီးယားနိုင်ငံသူ နိုင်ငံသားတွေကိုယ်စား ကျနော်အနေဖြင့် ပြောကြားလိုပါတယ်” ဟု အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ သမ္မတအနေဖြင့် ယခုကဲ့သို့ ဒုတိယသက်တမ်းအတွက် ပြန်လည်တာဝန်ပေးအပ်ခံရခြင်းသည် ၎င်း၏ “ထူးကဲသော ခေါင်းဆောင်မှု" နှင့် လာအိုပြည်သူများအပေါ် ထားရှိသည့် စိတ်အားထက်သန်မှုတို့၏ သက်သေသာဓကဖြစ်ကြောင်း မစ္စတာဟွန်ဆင်က ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတ ဆီဆိုလစ်သည် နှစ်နိုင်ငံကြားရှိ တူညီသောတန်ဖိုးများ၊ အပြန်အလှန်ယုံကြည်မှုနှင့် ဒေသတွင်းငြိမ်းချမ်းသာယာဝပြောရေးအတွက် ကတိကဝတ်ပြုမှုများအပေါ် အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ခေတ္တ နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အစဉ်အလာချစ်ကြည်ရေး၊ စည်းလုံးညီညွတ်မှု၊ အိမ်နီးချင်းကောင်းပီသမှုနဲ့ အပြန်အလှန်နားလည်မှု စိတ်ဓာတ်တွေနဲ့ နှစ်နိုင်ငံ မိတ်ဖက်ပြုမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာအောင် နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” ဟု မစ္စတာဟွန်ဆင်က နိဂုံးချုပ် ပြောကြားခဲ့သည်။

Ref: ခမာတိုင်းမ်စ်

image