ဗြိတိန်ဆယ်ကျော်သက်များဆိုရှယ်မီဒီယာပိတ်ရေးစမ်းသပ်အစီအစဉ်စတင်
ယူကေတစ်ဝန်းရှိ ဆယ်ကျော်သက်ရာပေါင်းများစွာသည် ဆိုရှယ်မီဒီယာ ပိတ်ပင်မှုများ၊ အချိန်ကန့်သတ်အသုံးပြုချက်များနှင့် ညပိုင်းမသုံးရကန့်သတ်ချက်များအတွက် အစိုးရ၏ စမ်းသပ်မှုတွင် ပါဝင်ရန်စီစဉ်ထားသည်။
သိပ္ပံ၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဌာန(DSIT) က ဦးဆောင်သော ရက်သတ္တခြောက်ပတ်ကြာမည့် ရှေ့ပြေးစမ်းသပ်အစီအစဉ်တွင် အသက် ၁၃ နှစ်မှ ၁၇ နှစ်အကြား လူငယ် ၃၀၀ ပါဝင်မည်ဖြစ်သည်။
ပါဝင်သူများသည် ၎င်းတို့၏ လူမှုမီဒီယာအသုံးပြုမှုအပေါ် ကန့်သတ်ချက်အမျိုးမျိုးကို စမ်းသပ်ခံကြရမည်ဖြစ်ပြီး ၎င်းတို့၏ ကျောင်းစာ၊ အိပ်စက်မှုပုံစံနှင့် မိသားစုဘဝအပေါ် သက်ရောက်မှုများကို သုတေသီများက စောင့်ကြည့်မည်ဖြစ်သည်။
မေလ ၂၆ ရက်နေ့တွင် ပြီးဆုံးမည့် ဤအစီအစဉ်သည် သြစတြေးလျပုံစံ ဆိုရှယ်မီဒီယာပိတ်ပင်ရန်အစိုးရ၏ လက်ရှိဆွေးနွေးမှုနှင့် တိုက်ဆိုင်နေသည်။
စမ်းသပ်မှုတွင် ပါဝင်သော မိသားစုများကို အဖွဲ့လေးဖွဲ့ခွဲမည်ဖြစ်သည်။ လုံးဝပိတ်ပင်မှုပုံစံဖြင့် သတ်မှတ်ထားသော ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းများကို ဝင်ရောက်ခွင့်တားမြစ်ရန် သို့မဟုတ် ကန့်သတ်ရန် မိဘကထိန်းချုပ်သောနည်းကို အသုံးပြုမည်ဖြစ်သည်။
အခြားတစ်ဖွဲ့သည် TikTok Snapchat Instagram ကဲ့သို့ လူကြိုက်များသော ပလက်ဖောင်းများတွင် တစ်နေ့လျှင် တစ်နာရီသာအသုံးပြုခွင့် ကန့်သတ်ချက်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
တတိယအုပ်စုသည်မူ ဆိုရှယ်မီဒီယာညဘက်မသုံးရ ကန့်သတ်ချက်ကို ကြုံတွေ့ရမည်ဖြစ်ကာ မိဘများက ည ၉ နာရီမှ မနက် ၇ နာရီအတွင်း အသုံးပြုခွင့် ပိတ်ပင်ထားသောကြောင့် ကျောင်းမတက်ခင်နှင့် ကျောင်းဆင်းပြီးချိန်တွင်သာ အွန်လိုင်းကို အချိန်အနည်းငယ် သံးခွင့်ပြုထားသည်။
နောက်ဆုံးအုပ်စုသည် ထိန်းချုပ်သူအဖြစ် ဆောင်ရွက်ရပြီး နှိုင်းယှဉ်ခွဲခြမ်းစိတ်ဖြာမှုအတွက် ၎င်းတို့၏ လက်ရှိဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို ထိန်းသိမ်းသွားမည်ဖြစ်သည်။
ချမှတ်ထားသော ကန့်သတ်ချက်များ၏ သက်ရောက်မှုနှင့် အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို အကဲဖြတ်ရန်အတွက် စမ်းသပ်မှု၏ အစနှင့် အဆုံးတွင် ပါဝင်ခဲ့သော မိသားစုများနှင့် အင်တာဗျူးများကို ပြုလုပ်သွားမည်ဖြစ်သည်။
ထိုစမ်းသပ်ချက်မှ ရရှိသော အထောက်အထားများသည် ကလေးများ၏ ဆိုရှယ်မီဒီယာနှင့် ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်သော အစိုးရ၏ အနာဂတ်မူဝါဒများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များသို့ တိုက်ရိုက်အသိပေးသွားမည်ဖြစ်သည်။
Ref: အေအိုအယ်လ်