အိန္ဒိယဝန်ကြီးချုပ်နှင့်သီရိလင်္ကာသမ္မတတို့စွမ်းအင်ဖူလုံရေးဆွေးနွေး

နယူးဒေလီ၊ မတ်လ ၂၅ ရက်

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် သီရိလင်္ကာသမ္မတ အနူရာကုမာရ ဒစ်သာနေယက တို့သည် အင်္ဂါနေ့တွင် ဖုန်းဖြင့် ဆက်သွယ်၍ ကမ္ဘာတစ်ဝန်း စွမ်းအင် ဖူလုံရေးနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ခေါင်းဆောင်နှစ်ဦးသည် အနောက်အာရှ (အရှေ့အလယ်ပိုင်း) တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ကမ္ဘာလုံးတစ်ဝန်းစွမ်းအင် ဖူလုံရေးအပေါ် ရို-က်ခတ်နေသည့် အနှောင့်အယှက်များကို အလေးပေးဆွေးနွေးခဲ့ကြသည်။ တစ်ကမ္ဘာလုံး၏ အကျိုးစီးပွားအတွက် ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းများကို လုံခြုံစိတ်ချစွာဖြင့် အမြဲဖွင့်လှစ်ထားရှိရန် အရေးကြီးပုံကိုလည်း နှစ်ဖက်လုံးက ထပ်လောင်း အတည်ပြုခဲ့ကြသည်။

ထို့ပြင် အိန္ဒိယနှင့် သီရိလင်္ကာ နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်းလုံခြုံရေးတိုးမြှင့်ရန် ရည်ရွယ်သည့် စီမံကိန်းအသီးသီး၏ တိုးတက်မှု အခြေအနေများကိုလည်း သုံးသပ်ခဲ့ကြကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တူညီသော အခက်အခဲများကို ဖြေရှင်းရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားရန် ခိုင်ခိုင်မာမာ ကတိပြုထားကြောင်း ဝန်ကြီးချုပ်မိုဒီက ထပ်လောင်းပြောကြားခဲ့သည်ဟု ဆိုသည်။

Ref: ရှင်းဟွာ

image